Tuesday, February 7, 2012

ပြည်သူများကို ဆက်ပြီးဖိနှိပ်နေပါက အပစ်ရပ်ရေး အဓိပ္ပာယ်ရှိမည်မဟုတ်ဟုဆို

အစိုးရအနေနဲ့ ပြည်သူတွေကို ဆက်ပြီးဖိနှိပ်ချုပ်ချယ်တာတွေ ပြုလုပ်နေမယ်ဆိုရင် နှစ်ဖက် သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဘာမှအဓိပ္ပာယ် ရှိမှာမဟုတ်ဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အက်စ်အက်စ်အေ/အာစီအက်စ်အက်စ်) က ပြောကြားလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ) တောင်ပိုင်းဌာနချုပ် လွိုင်တိုင်းလန်မှာ ဒီကနေ့ ကျင်းပတဲ့ ၆၅ နှစ်မြောက် ရှမ်းအမျိုးသားနေ့အခမ်းအနားမှာ ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်တာပါ။

ကြေညာချက်နဲ့ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းမင်းက အခုလို ပြောပါတယ်။

“လက်ရှိအစိုးရ တပ်မတော်က ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်း၊ မတရား လုပ်အားစေခိုင်းခြင်း၊ အဓမ္မနေရာ ပြောင်းရွှေ့ခြင်း၊ ကျေးရွာများအား မီးရှို့ခြင်း၊ အဓမ္မ မုဒိမ်းပြုကျင့်ခြင်း၊ ပြည်သူများအား မတရားသတ်ဖြတ် ချေမှုန်းခြင်း၊ ရာဇ၀တ်မှုများ ဆက်လက်ကျူးလွန်နေမည် ဆိုပါက အပစ်အခတ် ရပ်စဲခြင်းသည် မည်သည့်အဓိပ္ပာယ်မှ ရှိမည်မဟုတ်။”

ဒါ့အပြင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကော်မတီအဖွဲ့ခေါင်းဆောင် ဦးဇော်မင်းနဲ့ သဘောတူညီချက်ရရှိခဲ့တဲ့ အထဲက ဒေသအုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့လည်း တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကို ဗိုလ်မှူးစိုင်းမင်းက အခုလို ရှင်းလင်းသွားပါတယ်။

“အက်စ်အက်စ်အေ/ အာစီအက်စ်အက်စ်သည် အုပ်ချုပ်ရေးနှင့်ပတ်သက်လို့ လက်နက်ကိုင်တပ်ဖွဲ့များအား အုပ်ချုပ်ရန်နှင့် နယ်စပ်အုပ်ချုပ်ရေးတွင် (အက်စ်အက်စ်အေ/ အာစီအက်စ်အက်စ်) အဖွဲ့မှ အတည်ပြုထားသော ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အုပ်ချုပ်ပြီး မြို့နယ်ခွဲအုပ်ချုပ်ရေးများကို နို်င်ငံဝန်ထမ်းများနှင့် အတူပူးတွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။”

ဒီနေ့ ကျရောက်တဲ့ ၆၅ နှစ်မြောက် ရှမ်းပြည်နယ်နေ့မှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ထိန်းချုပ်မှုအောက်မှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တဲ့အကြောင်းတွေကိုလည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ 
From DVB

No comments:

Post a Comment