Sunday, February 5, 2012

ကချင်ပြည်နယ်တွင် စစ်တပ်များ ရုပ်သိမ်းခြင်းမရှိ

အရင် ရက်ပိုင်းအတွင်း ကချင်ပြည်နယ်ဘက်မှာ အစိုးရစစ်တပ်တွေ ရုပ်သိမ်းသွားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အမှန်တကယ် ရုပ်သိမ်းခြင်း မရှိသေးဘူးလို့ ကချင်လွတ်မြောက်ရေး တပ်မတော်က ပြောပါတယ်။
ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်တွေ အရင်နေရာတွေမှာပဲ ရှိနေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

“ကချင်ပြည်နယ်ကနေ ဆုတ်သွားတာတော့ မရှိသးဘူးဗျ။ အဲဒါက သတင်းမှားတာပဲ ဖြစ်ပါလိမ့်မယ်။ ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်တွေက အရင်နေရာမှာပဲ အကုန်ရှိနေတုန်းပါပဲ။ ဆုတ်သွားတာ မရှိသေးပါဘူး။ ၉၉ က နည်းဗျူဟာ တခုက အစကတည်းက ပြန်ဖို့ လုပ်နေတာလေ။ အရင် သူတို့လဲတဲ့ တပ်တွေ ရှိနေပြီးသားဆိုတော့ အရင်က ၉၉ တပ်တွေ ပြန်သွားတာပဲ ရှိတယ်။ တခြား သီးသန့်ပြန်သွားတဲ့ တပ်တွေ မရှိသေးဘူး။”
ကေအိုင်အေနဲ့ အစိုးရကိုယ်စားလှယ်တွေကလည်း လာမယ့် ၁၀ ရက်နေ့ တွေ့ဆုံဖို့ ရှိပေမယ့် တိကျတဲ့ရက်နဲ့ နေရာကို ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။
“၁၀ ရက်နေ့မှာ စပြီး တွေ့ကြဖို့ အချင်းချင်း အပြန်အလှန် ရက်ကို ညှိနေတုန်းပါပဲ။ ၁၀ ရက်နေ့မှာ စတွေ့ဖို့ တိုင်ပင်နေကြပါတယ်။ ဒီတခါတော့ ပြည်တွင်းနေရာမှာ ဖြစ်ပါလိမ့်မယ်။ နေရာကိုလည်း ကျနော်တို့ ညှိနှိုင်းနေဆဲပါပဲ။ ပြည်တွင်းဘက်မှာ တွေ့ဖို့ ကျနော်တို့ ဘက်ကနေ ဘယ်နေရာမှာ တွေ့ချင်တယ် ဆိုတာကို အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်သောင်းဆီကို စာနဲ့ တင်ပြထားတာ ရှိပါတယ်။”
ကချင်မှာ တိုက်ပွဲတွေ နည်းပါးသွားပေမယ့် အစိုးရတပ်တွေက အမြဲတမ်း ပုံမှန် လှုပ်ရှားနေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ရိက္ခာထောက်တွေ၊ ကားတွေကတော့ ပုံမှန်ရောက်နေတာတွေလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်မှာ ဇွန်လကတည်းက အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဒုက္ခသည် ၇ သောင်းလောက် တရုတ်-မြန်မာနယ်စပ်တွေမှာ ခိုလှုံနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ 
From DVB

No comments:

Post a Comment