Monday, February 27, 2012

 မွန်ပြည်သစ် ပါတီနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုး

  

မော်လမြိုင်မြို့သို့ ရောက်ရှိနေသော မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးအဖွဲ့သည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီတွင် မော်လမြိုင်ကမ်းနားဟိုတယ်တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်သော အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမသဘောတူညီချက် ငါးချက်ကို လက်မှတ်ရေး ထိုးခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်နယ်အဆင့် ပဏာမ သဘောတူညီချက်တို့မှာ (က)နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်ကိစ္စ၊ (ခ)ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန် အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင် ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့် နေ့ရက်၊ အချိန်နှင့်နေရာတို့ကို ညှိနှိုင်းရန် ကိစ္စ၊ (ဂ)ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ (လက်နက်မပါ) ထားရှိရန်ကိစ္စ၊ (ဃ)နှစ်ဖက် သဘောတူညီထားသော နယ်မြေများမှအပ နယ်မြေကျော်လွန် လက်နက်ကိုင်ဆောင် သွားလာမှုကို နှစ်ဖက်ကြိုတင် ညှိနှိုင်းပြီး ဆောင်ရွက်မည်၊ (င)နှစ်ဖက်သဘောတူညီ ညှိနှိုင်းထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန် ကိစ္စတို့ ပါဝင်သည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်သော အဖွဲ့အနေဖြင့် ဆောင်ရွက်ရန် ပဏာမ သဘောတူညီချက်တို့မှာ (က)တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရန်၊ အထူးသဖြင့် တိုင်းရင်းသား နယ်မြေများအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံးရပ်စဲရန်၊ (ခ) အပစ်အခတ် ရပ်စဲချိန်မှ အများဆုံး ၄၅ ရက်အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန်၊ သင့်တော်သော အကျိုးဆောင်ပုဂ္ဂိုလ်များကို လေ့လာအကဲခတ်သူအဖြစ် ပါဝင်ခွင့်ပြုပြီး (၁)လက်နက်ကိုင် တိုင်ရင်းသားအဖွဲ့အစည်း အားလုံးနှင့် အပစ်အခတ်ရပ်စဲပြီးပါက လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်များ၊ နိုင်ငံရေးဆွေးနွေး ဖော်ဆောင်သွားရန်၊ အကယ်၍ မိမိတို့နှင့် အပစ်အခတ် ရပ်ချိန်မှစပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ အဖွဲ့အစည်းအားလုံးနှင့် အပစ်အခတ်ရပ်စဲ နိုင်ခြင်းမရှိသေးပါက စုစည်းနိုင်သော အပစ်ရပ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်တို့ နိုင်ငံရေးဆွေးနွေးပွဲ စတင်ဖော်ဆောင်သွားရန်၊ (၂)နိုင်ငံရေး ဆွေးနွေးပွဲ ပြေလည်မှုအပေါ် အခြေခံ၍ ပြည်တွင်းတိုင်းရင်းသား နိုင်ငံရေးပါတီ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ အင်အားစုနိုင်ငံရေး ပါတီများ ကိုယ်စားလှယ်များပါ  ပါ ၀င်စေပြီး အမျိုးသား စည်းလုံးညီညွတ်ရေးကို ဆက်လက် ဆွေးနွေးသွားရန်၊  (၃) အထက်ပါ ဆွေးနွေးပွဲမှရရှိသော သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အတွက် အမြန်ဆုံးလုပ်ငန်းစဉ်များ ချမှတ်လုပ်ဆောင်သွားရန်၊ (ဂ) အပစ် အခတ်ရပ်စဲရေး စတင်ချိန်မှစ၍ ဒေသ တည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ကဏ္ဍ အသီးသီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် အစိုးရပူးတွဲ ညှိနှိုင်း ဆောင်ရွက်သွားကြရန်၊ (ဃ)အထွေထွေတင်ပြချက်များ၊ အပစ်အခတ် ရပ်စဲထားစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နေစဉ်အတွင်း (၁)ရဟန်းရှင်လူ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံ၊ အပြန်အလှန် ကူညီရိုင်းပင်းနိုင်ခွင့် ရှိရန်။ (၂)ပြည်တွင်းနိုင်ငံရေး ပါတီများနှင့် ထိတွေ့ဆက်ဆံနိုင်ခွင့်ရှိရန် (၃)ပြည်တွင်းပြည်ပ NGO အဖွဲ့များနှင့် ထိတွေ့ဆက်ဆံနိုင်ခွင့်ရှိရန်၊(၄)သတင်းဌာနများ၊ မီဒီယာများတို့နှင့် ထိတွေ့ ဆက်ဆံနိုင်ခွင့်ရှိရန်၊ နိုင်ငံရေး ဆွေးနွေးပွဲရလဒ်ကို ပြည်သူလူထုအား လိုအပ်သလို အသိပေးရန်၊ (၅)နိုင်ငံခြား သံတမန်များနှင့် ထိတွေ့ဆက်ဆံရာတွင် ကြိုတင်ညှိနှိုင်း သဘောတူညီချက်ဖြင့် ဆောင်ရွက်ရန်၊ (၆) အပစ်အခတ် ရပ်စဲထားစဉ် ကာလအတွင်း မွန်ပြည်နယ်နှင့် ဆက်စပ်နယ်မြေများတွင် စစ်အင်အား ထပ်မံတိုးချဲ့ချထားခြင်း မလုပ်ဆောင်ရန်၊ (၇)အကျဉ်းထောင်များ တွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးသမားများကို အားလုံးလွှတ်ပေးရန်နှင့် အကျဉ်းထောင်အတွင်းရှိ မွန်ပြည်သစ်ပါတီမှ ရဲဘော်များအားလည်း သက်ညှာစာနာ ထောက်ထား လွှတ်ပေးပါရန်၊ (၈) ပြစ်မှုကျူးလွန်ပြီး တစ်ဖက် တပ်တစ်ခုမှ အခြားတစ်ဖက် တပ်တစ်ခုသို့ ထွက်ပြေးတိမ်းရှောင် ၀င်ရောက်လာသော ရာဇ၀တ်သားများနှင့် ပတ်သက်၍ နှစ်ဖက် တာဝန်ရှိသူပုဂ္ဂိုလ်များက ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားကြရန်၊ (၉)စေတနာ လုပ်အားပေးမှလွဲ၍ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းခြင်းကို နှစ်ဖက်စလုံးမှ ရှောင်ကြဉ်ရန်၊ ပြဿနာ ဖြစ်တည်နေသည့် ပြည်သူများ မြေယာများကိစ္စကို နှစ်ဖက်ညှိနှိုင်း ၀ိုင်းဝန်းဖြေရှင်းသွားကြရန်၊ (၁၀) မူးယစ်ဆေးဝါး ပိတ်ပင်တားဆီးရေး၊ ပညာပေးရေး လုပ်ငန်းများကို နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားကြရန်တို့ ပါဝင်သည်။
Ref; EMG


No comments:

Post a Comment