Monday, February 20, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကျင်းပမည့် နေရာအားလုံးသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ရန်စီစဉ်ထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ပြည်နယ်၊ တိုင်းဒေသကြီးများအားလုံးသို့ စည်းရုံးဟောပြောရေးခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးရေး တာဝန်ခံဦးဥာဏ်ဝင်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဟောပြောစည်းရုံးရန်အတွက် အားကစားကွင်းများကို လုံးဝအသုံးမပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ခဲ့ကြောင်း၊ ထိုထုတ်ပြန်ချက်ကို ဆန့်ကျင်၍ အားကစားကွင်းများကို ခွင့်ပြုရန်တောင်းခံသွားမည် မဟုတ်ကြောင်း မြစ်ကြီးနားမြို့ နမ့်တီးတွင် လုံခြုံရေးအကြောင်းပြ၍ ခွင့်မပြုခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

"ကျွန်တော်တို့ မြစ်ကြီးနားကချင်ပြည်နယ်ခရီးစဉ်ကို ဖျက်ဖို့မရှိဘူး။ ကချင်ပြည်နယ် မြစ်ကြီးနားမှာ မနောကွင်းကို သုံးဖို့အစီအစဉ်ရှိတယ်။ မိုးကောင်းမှာ နေရာတစ်ခု ပြင်ဆင်နေပါတယ်။ အားကစားကွင်းမဟုတ်ပါဘူး။ ခရီးစဉ်လည်း မပျက်ပါဘူး"ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် မန္တလေးမြို့ခရီးစဉ်တွင်လည်း ဗထူးကွင်းကို တောင်းရန်အစီအစဉ်မရှိဘဲ အခြားသင့်တော်သောနေရာကို တောင်းရန်စီစဉ်လျက်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၄ရက်နေ့တို့တွင် ကချင်ပြည်နယ်သို့လည်းကောင်း၊ မတ်လ ၃ ရက်၊ ၄ရက်နေ့တို့တွင် မန္တလေးမြို့သို့လည်းကောင်း၊ မတ်လ ၅ ရက်၊ ၆ ရက်တို့တွင် နေပြည်တော်သို့လည်းကောင်း၊ မတ်လ ၁၀ ရက်နေ့တွင် မွန်ပြည်နယ်သို့လည်းကောင်း မဲဆွယ်စည်းရုံး ဟောပြောရေးခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဇန်န၀ါရီလ ၂၉ ရက်နေ့က ထားဝယ်မြို့သို့လည်းကောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က ပုသိမ်၊ မြောင်းမြဒေသများ သို့လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကော့မှူးမြို့နယ်သို့လည်းကောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က လှည်းကူးမြို့နယ်သို့ လည်းကောင်း၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကျိုက်ထော်နှင့် ဖျာပုံမြို့နယ်များသို့လည်းကောင်း စည်းရုံးဟောပြောရေးခရီးစဉ်များအဖြစ် သွားရောက်ခဲ့ပြီး ဒေသခံများက တစ်ခဲနက်ကြိုဆိုခဲ့ကြကြောင်းတွေ့ရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်မှ ယှဉ်ပြိုင်မည်ဖြစ်သည်။
 

No comments:

Post a Comment