Sunday, February 19, 2012

 မင်္ဂလာဒုံမြို့နယ် အတွင်း လယ်မြေများပေါ်တွင် ဇေကမ္ဘာစက်မှုဇုန် အပိုင်း(၄) အကောင်အထည်ဖော်မှုများ ဆက်လက် ဆောင်ရွက်ပါက လယ်မြေကို ဖျက်ဆီးခြင်းဟု သတ်မှတ် အရေးယူမည်ဟုသိရ

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်စုအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေသော လယ်မြေများပေါ်၌ ဇေကမ္ဘာကုမ္ပဏီ၏ စက်မှုဇုန်အပိုင်း(၄) အကောင်အ ထည်ဖော်မှုနှင့်ပတ်သက်၍ ခွင့်ပြုမိန့် ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါက လယ်မြေကိုဖျက်ဆီးခြင်းဟု သတ်မှတ်၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိသည်။

၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင်ကာ ရွှေနံ့သာကျေးရွာ အုပ်စုအတွင်းရှိ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်မြေ ၈၁၅ ဧက အား ဇေကမ္ဘာကုမ္ပဏီမှ တစ်ဧက လျှင် ကရုဏာကြေး ကျပ်သုံးသိန်းစီ ပေး၍လယ်သမားများထံမှ လက်မှတ်ထိုးကာ သိမ်းယူခဲ့ကြောင်းနှင့် ယင်း နှစ်မိုးစပါးရိတ်သိမ်းပြီးချိန်မှ စတင်ကာ အဆိုပါ လယ်စိုက်ဧက ၈၁၅ ဧက ၏ လယ်ကန်သင်းရိုးများ ဖြတ်သိမ်းခြင်း၊ ရေစီးမြောင်းများပိတ်ခြင်း၊ ကုန်ထုတ်လမ်းများ ဖြတ်စီးခြင်းကို စတင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်တွင် ယင်းလယ်မြေများပေါ်၌ သီးစားချထားမှုကို ဇေကမ္ဘာကုမ္ပဏီမှ ရရှိခဲ့ပြီး လယ်ယာ စိုက်ပျိုးခြင်းလုပ်ငန်းများ အစား စက်မှုဇုန်အဖြစ် အသွင်ပြောင်းမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ဒီလယ်မြေတွေနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက်မှာ ဇေကမ္ဘာကုမ္ပဏီကို အပိုင်း(၄)ပိုင်းခွဲပြီး  လုပ်ပိုင်ခွင့်ချထားပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ဆင့်ပြီးမှ တစ်ဆင့်သွားရမယ်ဆိုတဲ့ ကန့်သတ် ချက်ပါပါတယ်။  ဒါကို ဇေကမ္ဘာ ကုမ္ပဏီက အဆင့်ကျော်ပြီး အရှေ့ပိုင်းအဆင့်တွေ မအောင်မြင်သေးဘဲနဲ့ အဆင့်(၄)လယ်မြေတွေ သိမ်းယူခြင်းကို ဆောင်ရွက်တာဖြစ်တယ်လို့ သိရတယ်”ဟု ကြေးတိုင်နှင့်မြေစာရင်း ရုံးမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရုံးမှ အထက်ပါ ညွှန်ကြားချက်စာသားအား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော်လည်း လယ်သမားများထံသို့ ၂၀၁၂ ခုနှစ်၊ ဖေ ဖော်ဝါရီလဆန်းပိုင်းမှသာ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။
ညွှန်ကြားချက်၌ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ ကျေးရွာအုပ်စုဇေကမ္ဘာ ကုမ္ပဏီ၏ လက်ရှိစက်မှုဇုန်အပိုင်း (၄) အကောင်အထည်ဖော်ရန် မြေနေရာအား လယ်မြေအဖြစ် သီးစားချထားပေးခြင်းသာ ဖြစ်၍ စပါးကိုသာစိုက်ပျိုးခွင့်ရှိကြောင်း၊ လယ်ယာစိုက်ပျိုးခြင်းမပြုပါက သီးစားချထားခြင်းကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်းနှင့် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရေးသားထားပါသည်။
From EMG

No comments:

Post a Comment