Wednesday, February 8, 2012

 မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-Visa ကို မတ်လကုန် ဧပြီလဆန်းတွင် စတင်ထုတ်ပေးနိုင်ရန် စီစဉ်

4453


၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းက ညောင်ဦးလေဆိပ်သို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများ
မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-Visa ကို ၂၀၁၂ ခုနှစ် မတ်လကုန် ဧပြီလ ဆန်းတွင် စတင်ထုတ်ပေးနိုင်ရန် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။
ယင်း E-Visa စနစ်ကိုဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနမှ ပြုလုပ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက် ပြည်ဝင်ခွင့်နှင့် ပတ်သက်၍ လွယ်ကူမှုရှိစေရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရှိရသည်။

“ဒီစနစ်ကို မတ်လကုန် ဧပြီလ ဆန်းလောက်မှာ စတင်နိုင်မှာပါ။ E-Visa ကို လောလောဆယ် ရန်ကုန် လေဆိပ်မှာစပေးမယ်။ နောက်ပိုင်းမှာတော့ ခရီးသွားအ၀င်ရှိတဲ့ တခြား ၀င်ပေါက်တွေမှာပါ ပေးနိုင်အောင် စီစဉ်သွားမှာပါ။ ဧည့်သည်မှာ သူဗီဇာရပြီးသားပါဆိုတဲ့ Barcode ပါလာမယ်။ လေဆိပ်မှာ scanner နဲ့ စစ်မယ်။ ပတ်စပို့မှာ စတေကာကပ် ပေးလိုက်မှာပါ။ ဧည့်သည်က ဗီဇာရရှိဖို့အတွက် အချိန်ပေးရတာတွေ မရှိတော့ဘဲ လွယ်ကူသွားမယ့် သဘော ဖြစ်ပါတယ်”ဟု E-Visa စနစ်အား အကောင်အထည်ဖော်နေသည့် Myanmar Ease Net Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါစနစ်သည် အကောင်အထည် ဖော်နေဆဲဖြစ်ကာ www. myanmarevisa.gov.mm ၌ စတင် လွှင့်တင် ဖော်ပြထားသည်။ ခရီးသွားသည် E-Visa ကို လျှောက်ထားလိုပါက အဆင့်လေးခုကို ဖြတ်သန်းရမည်ဖြစ်ပြီး ကိုယ်ရေး အချက်အလက်များကို ဖြည့်သွင်းခြင်း၊ ထပ်မံစစ်ဆေးခြင်းနှင့် credit card ဖြင့် ငွေပေးချေခြင်း၊ လုပ်ဆောင်မှုနှစ်ရက်မှ သုံးရက်အတွင်း အတည်ပြုစာကို လက်ခံရရှိခြင်း၊ လေဆိပ်တွင် ပတ်စပို့စတေကာကို ရရှိခြင်းတို့ ဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် မေလဆန်းမှစတင်၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ကြိုတင်စီစဉ်ရန် မလိုအပ်သည့် ဆိုက်ရောက်ဗီဇာများကို ပထမဦးဆုံးအကြိမ် စတင် ခွင့်ပြုပေးခဲ့သည်ဟု သိရှိရသည်။ ယင်းစနစ် သည် စတင်ပြီး လေးလအကြာ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလဆန်း ၌ ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။
ယခင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာနသို့ လျှောက်ထားခြင်းမှ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောင်းလဲ တာဝန်ယူခဲ့ကာ ၂၀၁၁ ခု နှစ် မေလကုန်ပိုင်းတွင်မူ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသို့ ပြန်လည်လျှောက်ထားမှု ပြုလုပ်နိုင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။
လက်ရှိတွင် MAI မှ ကွမ်ကျိုး နှင့် ဆီယမ်ရိ ခရီးစဉ်များဖြင့် လိုက်ပါလာသော ခရီးသွားများအား ဆိုက်ရောက်ဗီဇာ ပေးအပ်ခြင်းရှိနေကာ မြန်မာနိုင်ငံသည် ဆိုက်ရောက် ဗီဇာရရှိခြင်း၊ ငွေကြေးသုံးစွဲမှု အဆင်ပြေခြင်းတို့ ရှိလာပါက ခရီးသွား ၀င်ရောက်မှု ပိုမို တိုးတက်လာမည့် အလားအလာများလည်း ရှိကြောင်း သိရှိရပါသည်။
From EMG

No comments:

Post a Comment