Thursday, February 2, 2012

ရေဒီိယိုနှင့် ရုပ်သံလိုင်း ပြည်တွင်း၌ အခြေစိုက် ထုတ်လွှင့်ရန် VOA, BBC ကြိုးပမ်းနေ

VOA မြန်မာဌာနမှူးဦးသန်းလွင်ထွန်း
မြန်မာပြည်တွင်း အခြေစိုက်ရုံးဖွင့်လှစ်၍ တိုက်ရိုက်သတင်းရယူနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားပြီဖြစ်ကြောင်း ပြည်ပအခြေစိုက် သတင်းမီဒီယာများက ပြောကြားသည်။ ထိုသို့ ညှိနှိုင်းဆွေးနွေးမှုများကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအတွင်းက ပြုလုပ်ခဲ့ကြသည်ဟု ၄င်းတို့က ဆိုသည်။ “ဒီမှာ အခြေစိုက်ရုံးဖွင့်ဖို့ ကြိုးစားနေတယ်။ အခု ဝန်ကြီးဌာနက ဖြစ်လာမှာပါ။ ဖြည်းဖြည်းချင်းတော့ လုပ်သွားပါမယ်ဆိုတဲ့ ကတိစကားတော့ ရထားပြီ။ ခွင့်ပြုတာနဲ့ ချက်ချင်းကို လာလုပ်မှာပါ” ဟု VOA မြန်မာပိုင်းဌာနမှ ဌာနမှူး ဦးသန့်လွင်ထွန်းက ပြောကြားသည်။ အခြေစိုက်ရုံး ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ VOA အပြင် BBC သတင်းဌာနကလည်း “ရုံးခန်း ဖွင်လှစ်ဖို့ စီစဉ်နေတယ်။ ဖွင့်လို့ရရင် ဖွင့်မယ်။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းသတင်း ယူတဲ့အခါမှာ ပိုပြီး ကျယ်ပြန့်စွာ လုပ်နိုင်မယ်။ သတင်းထောက်တစ်ယောက်က သတင်းဖြစ်တဲ့နေရာမှာ ရှိနေပြီးတော့ အဲဒီသတင်းကို သူကိုယ်တိုင် ယူပြီးတော့ တင်ပြတဲ့သတင်းနဲ့ အဝေးကနေ တင်ပြတဲ့သတင်းက ဘယ်လိုမှ မတူနိုင်ဘူး။ ဒါကြောင့် ဒီမှာ ရုံးခန်းနဲ့ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရအောင် လုပ်သွားမယ်” ဟု BBC မြန်မာဌာန၏ ဌာနမှူး ဒေါ်တင်ထားဆွေကလည်း ပြောပြသည်။ ၄င်းသတင်းဌာနများ ပြည်တွင်း၌ အခြေစိုက်ရုံးဖွင့်၍ သတင်းရယူခွင့်ရပါကလည်း ရေဒီယိုနှင့် ရုပ်သံလိုင်းကိုသာ ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်ရာတွင်လည်း ထုတ်လွှင့်မည့်အစီအစဉ် Program များကို ဌာနချုပ်မှ ရေးဆွဲ၍ ပြည်တွင်းရှိ FM များနှင့် ချိတ်ဆက်ကာ ပြုလုပ်ခွင့်ရရန် စီစဉ်နေကြောင်း ဦးသန့်လွင်ထွန်းက ပြောပြခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment