Monday, March 5, 2012

တိုက်ပွဲများ အဆုံးသတ်ရန် ကေအိုင်အေနှင့်အစိုးရ ထပ်မံဆွေးနွေးမည်

 
ဗိုလ်မှုးချုပ် ဂွမ်မော် (ကေအိုင်အို)


ကချင်ပြည်နယ်ထဲမှာ နေ့စဉ်လိုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အဆုံးသတ်နိုင်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ဟာ ဒီအပတ်ထဲမှာ ထပ်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

လာမယ့်  ကြာသပတေးနေ့ကျရင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ နောက်ထပ် တွေ့ဆုံဖို့ ရှိပါတယ်။ ဒီတခေါက် တွေ့ဆုံပွဲမှာ  ဆွေးနွေးမယ့် အကြောင်းအရာတွေကို ကြိုတင်ညှိနှိုင်းဖို့ ပြင်ဆင်နေတယ်လို့ ကေအိုင်အေ ဒု – စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။
“၈ ရက်နေ့မှာ ပြန်တွေ့ကြဖို့ အစီအစဉ် လုပ်နေပါတယ်။ ရွှေလီမှာပါ။ ကျနော်တို့ ဘာတွေ တိုင်ပင်မလဲဆိုတာကို မနက်ဖြန် အစည်းအဝေးမှာ ဆုံးဖြတ်ကြမှာပါ။ ဒါပေမယ့် ဆွေးနွေးပွဲကတော့ အရင် ဆွေးနွေးထားပြီးသား ခေါင်းစဉ်အောက်မှာပဲ ကျနော်တို့ကတော့ ထပ်ပြီး ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မနက်ဖြန် ဗဟိုကော်မတီမှာ ဆွေးနွေးကြမှာပါ။”
ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေးရဖို့ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့တာမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက စပြီး အခုဆိုရင် ၇ ကြိမ် ရှိခဲ့ပါပြီ။
ပြီးခဲ့တဲ့ တခေါက်က ဆွေးနွေးပွဲကို ဒီနှစ် ဇန်န၀ါရီ ၁၈ နဲ့ ၁၉ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့မှာ လုပ်ခဲ့ပါတယ်။ အစိုးရဘက်က အပစ်အခတ်ရပ်ရေး၊ ဆက်ဆံရေးရုံးဖွင့်လှစ်ရေး၊ နယ်မြေဖွံဖြိုးရေး ကိစ္စတွေ အရင် ဆောင်ရွက်ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲကို လုပ်ဖို့ ကမ်းလှမ်းထားပေမယ့် ကေအိုင်အိုဘက်ကတော့   နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အရင်ဆုံး ဆွေးနွေး အဖြေရှာပြီးရင် ကျန်တဲ့ ကိစ္စတွေက အလိုလို ပြေလည်သွားမယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲ အောင်မြင်ဖို့ အဓိက လိုအပ်တာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က ခုလို ဆက်ပြောပါတယ်။
“ယုံကြည်မှု တည်ဆောက်ပြီးတော့ နိုင်ငံရေးနည်းအရ ဆက်လက် ဆွေးနွေးနိုင်ဖို့ ကြိုးစားနေကြတာပါ။ အဓိက ကတော့ ဆွေးနွေးပွဲမှာ နှစ်ဦးနှစ်ဖက်ရဲ့ သဘောထားတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဆွေးနွေးပြီးတော့ တိုက်ပွဲတွေကို ဘယ်လို ရပ်မလဲဆိုတဲ့ အဖြေရှာမှု အပေါ်မှာ အဓိက ကျမယ်လို့ ပြောရမှာပါ။”
အခုလို ဆွေးနွေးပွဲတွေ ဆောင်ရွက်နေချိန်မှာ တဖက်မှာလည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ကေအိုင်အို ထိန်းချုပ်နယ်မြေထဲမှာ အစိုးရတပ်နဲ့  တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေတယ်လို့ ကေအိုင်အေက  ပြောပါတယ်။
ကေအိုင်အိုနဲ့ အစိုးရတပ်အကြား တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ရှောင်ပြေးနေတဲ့ ဒုက္ခသည်တွေ  စုစုပေါင်း ၆ သောင်းကျော်သွားပြီလို့ ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေးကွန်ရက်အဖွဲ့က ပြောပါတယ်။
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ဟာ ၁၉၉၄ ခုနှစ်က န၀တအစိုးရနဲ့ အပစ်အခတ်ရပ်ရေး သဘောတူခဲ့ပြီးမှ ၂၀၁၀ ခုနှစ်မှာ နအဖ အစိုးရလက်ထက်က နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ဖိအားပေးလာတာ အပြင် တာပိန် ရေအားလျှပ်စစ် ပြဿနာတွေကြောင့်  မနှစ်က ဇွန်လပိုင်းက စပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
Ref; DVB


No comments:

Post a Comment