Monday, March 19, 2012

မန္တလေးဗုံးကွဲ ၊ လူငယ် ( ၃) ဦးသေဆုံး

မန္တလေး၊ ပြည်ကြီးတံခွန် မြို့နယ် စက်မှု (၁) ဇ ရပ်ကွက်ထဲမှာ ဒီနေ့ မနက် ၁၀ နာရီ လောက်က ဗုံးတလုံး ပေါက်ကွဲ သွားတာကြောင့်  လူငယ် ၃ ယောက် သေဆုံး သွားပါတယ်။

ပုဂ္ဂလိကပိုင် သံရည်ကြို စက်ရုံတခု မှာ သံထည်တွေ ကြားထဲကနေ ဗုံးတလုံး ပေါက်ကွဲ တာ ဖြစ်ပြီး၊ နောက်ထပ် မပေါက်သေးတဲ့ ဗုံးတချို့ကို လည်း တွေ့ရတယ်လို့ စက်ရုံဝင်းထဲ က မျက်မြင် တဦးက ပြောပြပါတယ်။
“သေတာ ၃ယောက်။ လူငယ်လေးတွေ။ ၁၃နှစ် ၁ ယောက် ပါတယ်။ ၁၆နှစ် အရွယ်က ၂ယောက်။ မပေါက်သေးတဲ့ ဗုံး ၃လုံး ကျန်တယ်။ အခု အာဏာပိုင် အဖွဲ့တွေ ရောက်နေပြီ။ ရဲတွေအပါအ၀င် စစ်တပ်ရောဘဲ။ စက်ရုံက ပြောတာတော့ စက်ရုံဝင်းထဲမှာ သံ အရောင်း အ၀ယ် လုပ်တဲ့ အလုပ်ရုံ နာမည်ကတော့ နိုင်စိုးပိုင် လို့ ရေးထားတယ်။ ပုဂ္ဂလိက လုပ်ငန်း အသေးစားလေးပါ။ လုပ်ငန်းခွင်ထဲမှာ သံရွေးရင်း ဆယ်ရင်းနဲ့ အခုလို ဖြစ် သွားတာ။ အလုပ်သမားကတော့ ဒီ သံကို သန့်စင်တဲ့ လုပ်ငန်းမှာ လုပ်တာကတော့ ၅ယောက်ပဲ။ ကလေး ပေါက်စလေး တယောက်နဲ့ မိန်းကလေး တယောက်လည်း မသေဘူး။ ၃လုံးက အခု ၁လုံး ဆိုရင် နားလည်တဲ့သူတွေ အပြောအရ တော်တော်ပြင်းတယ်တဲ့။ ဒီလို ဗုံး အသေးလေး ပေါက်ကွဲလိုက်ရင် မသက်သာဘူးတဲ့။”
ပေါက်ကွဲမှု ဖြစ်တဲ့ သံရည်ကြို စက်ရုံဟာ ရန်ကုန်-မန္တလေး လမ်းမကြီးဟောင်း ဘေးက စက်မှု ရပ်ကွက်မှာ ရှိတာ ဖြစ်ပါတယ်။ အနီးအနားမှာ တခြား စက်ရုံတွေလည်း သူ့ဝင်းနဲ့ သူ ရှိပြီး လူနေရပ် ကွက်နဲ့တော့ လှမ်းတယ်လို့ ဒေသခံက ပြောပါတယ်။
သံထည် အဟောင်းတွေနဲ့ အတူ ပါလာပုံ ရတဲ့ ဗုံးတွေဟာ သံရည်ကြို စက်ရုံထဲကို ဘယ်တုန်းက ရောက်နေတယ်၊ ဘယ်ကနေ ပါလာတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် ပြည်တွင်း သတင်း တွေမှာတော့ စစ်ကျန် ဗုံးတွေ ဖြစ်တယ် လို့ ဖော်ပြကြပါတယ်။
Ref; DVB

No comments:

Post a Comment