Tuesday, March 27, 2012

 ကားတင်သွင်းသူများ အပေါ် ကညနမှ အင်ဂျင်ပါဝါအလိုက် မှတ်ပုံတင်ခ ကောက်ခံရန် စီစဉ်နေ၊ ကြိုတင်ကြေညာ အသိပေးလုပ်ဆောင်ရန် ကားပိုင်ရှင်များ လိုလား

လက်ရှိ ကားတင်သွင်းသူများအပေါ် ကောက်ခံနေသည့် ယာယီ မှတ်ပုံတင်ကြေးအစား အင်ဂျင်ပါဝါအလိုက် ခွဲခြားကာ မှတ်ပုံတင်ခ ကောက်ခံရန် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ စီစဉ်လျှက်ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

လုပ်ငန်းရှင်တစ်ဦးက “ကျွန်တော် သိထားတာကတော့ ၂၀၀၀ စီစီအောက်ကို တစ်အုပ်စု၊ ၂၀၀၀ စီစီကနေ ၃၀၀၀ စီစီကို တစ်အုပ်စု၊ ၃၀၀၀ စီစီ အထက်ကို တစ်အုပ်စု ခွဲခြားထားတယ်လို့ ကြားသိရတယ်။ ပြီးတော့ ၁၃၅၀ စီစီအောက်ကိုလည်း နှုန်းထား တစ်မျိုးလျော့ပေါ့ သတ်မှတ်ပေးမယ်လို့ သိရတယ်။ ၂၀၀၀ စီစီကနေ ၃၀၀၀ စီစီ ကြးထဲက ကားတွေကို အခု ကောက်ခံနေတဲ့ ၁၀၀ ရာခိုင်နှုန်းအတိုင်း ကောက်မယ်၊ ၃၀၀၀ စီစီအထက်ကို ၁၁၀၊ ၁၂၀၊ ၁၃၀ ရာခိုင်နှုန်း ဆိုပြီး သုံးမျိုးခွဲခြား တင်ပြထားတယ်။ ဘယ်ဟာက အတည်ဖြစ်မလဲ မသိသေးဘူး။ ၂၀၀၀ စီစီ အောက်ကတော့ ၉၀၊ ၈၀၊ ၇၀ ရာခိုင်နှုန်းသုံးမျိုး ခွဲခြားတင်ပြထားတယ်လို့ သိရတယ်။ ဥပမာ-၃၀၀၀ စီစီကို ၁၃၀ ရာခိုင်နှုန်း သတ်မှတ်ရင်၊ ၂၀၀၀ စီစီအောက်က ၇၀ ရာခိုင်နှုန်းဖြစ်မယ်။ ၃၀၀၀ စီစီကို ၁၂၀ ရာခိုင်နှုန်း သတ်မှတ်ရင် ၂၀၀၀ စီစီ အောက်ကို ၈၀ ရာခိုင်နှုန်း သတ်မှတ်မယ့်ပုံစံလို့ ကြားရပါတယ်။ အမြင့်ကားကို ၃၀ တိုးကောက်ရင် အင် ဂျင်ပါဝါနိမ့်တဲ့ကားကို ၃၀ လျော့ ကောက်မယ့်သဘော၊ အမြင့်ကားကို ၂၀ တိုးကောက်ရင် အင်ဂျင်ပါဝါနိမ့် ကားကို ၂၀ လျော့ကောက်မယ့်သဘောလို့ သိရပါတယ်။ ၂၀၀၀ စီစီ ကနေ ၃၀၀၀ စီစီကြားထဲက ကားတွေကတော့ ဒီအတိုင်းပဲ ဆက်ကောက်ဖို့ရှိတယ်လို့ ကြားရပါတယ်။ ကောက်ခံတဲ့အခါမှာ ဘယ်ရက် နောက်ပိုင်းသွင်းတဲ့ကား ဆိုပြီးတော့ သတ်မှတ်မှာမဟုတ်ပဲ ယာဉ်မှတ်ပုံ တင်ဝင်လာတဲ့အခါ ကောက်မယ်လို့ အခုလောလောဆယ် ကြားရတယ်။ နောက်ပိုင်းပြောင်းရင်တော့ ပြောင်းမှာပေါ့” ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
ယာဉ်အိုယာဉ်ဟောင်းများ လဲလှယ်ကာ အစားထိုးယာဉ် တင်သွင်းခြင်းအစီအစဉ်ကို စက်တင်ဘာလ ၁၀ ရက်နေ့ ညတွင် နိုင်ငံပိုင် ရုပ်သံ မီဒီယာများမှ တရားဝင်ထုတ်ပြန်ခဲ့ ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း ဖော်ပြခဲ့သည်။

၁၀၀ ရာခိုင်နှုန်းနဲ့ ‘ပ’ အက္ခရာအထိ လုပ်မယ်ပြောထားရင် အဲဒီကြေညာထားတဲ့ အတိုင်းပဲ လုပ်သင့်တယ်။ တိုးမယ်လျှော့မယ်ဆိုလည်း အရင်ဆုံး ကြေညာ၊ အချိန်ကာလတစ်ခုကို ပိုင်းခြားသတ်မှတ်ပြီးမှ လုပ်သင့်တယ်

ယင်းအပြင် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် မှတ်ပုံတင် သက်တမ်းကြာမြင့် ယာဉ်များအားပယ်ဖျက်ရေးနှင့် အစားထိုးယာဉ် တင်သွင်းရေးအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် ပြည်ထောင်စု ၀န်ကြီးများနှင့် ပြည်တွင်းသတင်း မီဒီယာများတွေ့ဆုံပွဲကို ကျင်းပကာ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ယင်းသို့ ထုတ်ပြန်ရှင်းလင်းရာတွင် ကားဟောင်းများဆိုပါက ‘စ’ အက္ခ ရာမှ ‘ပ’အက္ခရာအထိ ကားဟောင်း အစီးရေ ၅၀၀၀၀ ကျော်အား လဲလှယ်ကာ အစားထိုးယာဉ် တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံခြားငွေဖြင့် အခွန်ဆောင်ထားသူများကိုလည်း ကားတင်သွင်းခွင့်ပြုရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလ မှ ၂၀၁၂ ခုနှစ် မတ်လအထိ ဆိုပါ က ကားတင်သွင်းခဲ့သည့် ကာလမှာ ၆ လ ၀န်းကျင် ရောက်ရှိနေပြီဖြစ်သော်လည်း  ယခုအချိန်အထိ အခွန်ပေးဆောင်ရမှု၊ ကားအမျိုးအစားခွဲ ခြားမှု၊ ကားအမျိုးအစားအလိုက် CIF ဈေးတွက်ချက်မှု၊ သင်္ဘောသား နှင့် အလုပ်သမားများ ကားတင်သွင်းမှုအတွက် အစီအစဉ်များလုပ်ဆောင် မှု စသည်တို့မှာ ယခုထိ တည်ငြိမ်ခြင်းမရှိသေးပဲ မကြာခဏ ပြောင်းလဲမှုများ ရှိနေသည့်အတွက် ကားတင် သွင်းသူများမှာ မကြာခဏအခက် တွေ့ခြင်း၊ ပိုမိုနစ်နာသူက နစ်နာသွားခြင်းများ ဖြစ်ပေါ်ရကြောင်းလည်း သိရသည်။
ယခုလည်း ကညနမှ ကောက်ခံသည့် မှတ်ပုံတင်ခ အပြောင်းအလဲမှာ စီစဉ်ထားသည့်အတိုင်း အတည်ပြုလိုက်မည်ဆိုပါက တင်သွင်းပြီး ကားပိုင်ရှင်များ၊ တင်သွင်းဆဲကား ပိုင်ရှင်များ၊ တင်သွင်းရန် ပါမစ်ယူဆောင်ထားပြီး ကားပိုင်ရှင်များအတွက် မျှတမှုမရှိသည့် အခြေအနေတစ်ရပ် ဖြစ်ပေါ်လာနိုင်သည်ဟုလည်း သုံးသပ်ကြပါသည်။
ဝန်ကြီးဌာနမှ ပြည်ထောင်စုအဆင့် ၀န်ကြီးများကိုယ်တိုင် မူဝါဒ ချမှတ်ကာ လက်ရှိကောက်ခံနေသည့် မှတ်ပုံတင်ခနှုန်းအား ပြောင်းလဲကောက်ခံမည်ဆိုပါက တိုးသည် ဖြစ်စေ၊ လျှော့သည်ဖြစ်စေ ကြိုတင် အသိပေးကြေညာပြီးမှ လုပ်ဆောင်သင့်ကြောင်း ကားပိုင်ရှင်များ မှပြောကြားခဲ့သည်။
“အင်ဂျင်ပါဝါ အလိုက် ခွဲခြား ကောက်ခံတယ်ဆိုတဲ့ စနစ်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် ခဏခဏ ပြောင်းနေတာကတော့ နစ်နာတဲ့သူ နစ်နာကုန်မှာပေါ့။ အခုနှုန်း အတိုင်းသာ အတည်ပြုမယ်ဆိုရင် ၃၀၀၀ စီစီ အထက်တင်သွင်းထား တဲ့ သူတွေတင်သွင်းဖို့ ပါမစ်ယူသူတွေ၊ ဆိပ်ကမ်းကား မရောက်သေးတဲ့သူတွေ ပိုနစ်နာကုန်မှာပဲ။ ဒီလိုပဲ ၁၃၅၀ စီစီအောက်နဲ့ ၂၀၀၀ စီစီအောက်တင်သွင်းပြီး အရင်အခွန်နှုန်းနဲ့ ပေးဆောင်ပြီးစီးတဲ့ သူတွေလည်း နစ်နာသွားမှာပဲ။ ၃၀၀၀ စီစီအထက်ကို တိုးကောက်တဲ့အတွက် ကားဈေးကတော့ ထပ်တက်ဦးမယ်။ ကားဈေးကျဖို့အတွက် လုပ်ကာမှ ကညနအခွန် ကြောင့် ကားဈေးပြန်တက်မယ့် သဘောဖြစ်နေတယ်။ ဒါပေမယ့် နစ်နာတာ မနစ်နာတာထက် တိုးကောက်မယ် ဆိုရင်ပဲဖြစ်ဖြစ်၊ လျော့ကောက်မယ် ဆိုရင်ပဲဖြစ်ဖြစ် အသိပေးကြေညာပြီးမှ လုပ်ဆောင် သင့်တယ်လို့ မြင်ပါတယ်။ “ဟု ၂၀၀၀ စီစီအောက် ကားတင်သွင်းထားသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
“လွှတ်တော်က သက်သာ အောင်လုပ်ပေးတယ်၊ ကညန အခု တွက်ထားတဲ့နှုန်းတွေက အများစုလည်း မသက်သာ ချက်ခြင်း ပြောင်းလဲ ကောက်ခံမယ်ဆို သွင်းလာတဲ့သူတွေလည်း အခက်အခဲဖြစ်ကုန်မယ့် အနေအထားနဲ့ ကြုံရမယ်။ အစီအစဉ် တစ်ရပ်ကို ချပြီးရင် ပြီးဆုံးအောင် လုပ်သင့် တယ်။ မူဝါဒ တည်တည်ငြိမ်ငြိမ် ရှိသင့်တယ်။ ကားသွင်းတဲ့အစီအစဉ် စတာ ၆ လပြည့်တော့မယ် အခုထိ  တစ်ခုပြီးတစ်ခု မတည်မငြိမ် ဖြစ်နေတုန်းပဲ။ ဒီမူဝါဒ ဒီအစဉ်ကို ချထားတာကလည်း ပြည်ထောင်စုအဆင့် ၀န်ကြီးတွေ ကိုယ်တိုင် ချထားတာ။ အခု ၃၀၀၀ စီစီအထက်နဲ့ ၂၀၀၀  စီစီအထက် တင်သွင်းတဲ့ သူတွေက ရာခိုင်နှုန်း အများဆုံးပဲ။ ပြောင်းလိုက်တဲ့အတွက် တင်သွင်းသူအများစု ထိခိုက်မှာပဲ။ တိုးကောက်ချင်လဲ ကောက်ပါ၊ လျှော့ကောက်ချင်လဲ ကောက်ပါ။ ဒါပေမယ့် ကြေညာပြီး အသိပေးပြီးမှ လုပ်သင့်တယ်”ဟု ကားတင်သွင်းရန် ပါမစ်ရယူထားသူ တစ်ဦးကပြောကြားခဲ့သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ‘ပ’အက္ခရာ ပြီးတဲ့အထိ ဒီအတိုင်းပဲ လုပ်သင့်တယ်။ အခုပြောင်းမယ်ဆိုတာက ကျွန်တော်သိသလောက် လွှတ်တော် က သွင်းတဲ့သူ သက်သာအောင်လုပ် ပေးတာ။ ကညန က စီစဉ်နေတဲ့ နှုန်းကတော့ တင်သွင်းသူအများစု ဘာသက်သာခွင့်မှ မခံစားရနိုင်တဲ့ အနေအထား ဖြစ်နိုင်တယ်။ တင်သွင်းတဲ့ အထဲမှာ ၃၀၀၀ စီစီအထက်နဲ့ ၂၀၀၀ စီစီအထက် တင်သွင်းတာက အများဆုံးပဲ။ ၂၀၀၀ စီစီအောက်က ၁၀ ရာခိုင်နှုန်းကျော်လေးပဲ ရှိနိုင်တာ လေ။ ပြီးတော့ ကညနက အခု Owner Book ထုတ်တာ ငွေသွင်း တာတွေ ရပ်ထားတယ်။ ၉ဂ/--- နံပါတ်တွေ တောင်ခုထိ စာအုပ်မရဘူး။ စာအုပ်တစ်ခါရဖို့ တစ်လခွဲ လောက်ကြာတယ်။ ဒီလောက် ခက်ခဲနေရတဲ့ ကြားထဲ အခုတစ်ခါ ထပ်ပြင်ဦးမယ့် နှုန်းတွေကလည်း တင်သွင်းတဲ့သူတွေပဲ ထပ်ထိခိုက်မယ် ဆိုတာကတော့ မဖြစ်သင့်ဘူး။ မူဝါဒတစ်ခုချ ပြီးရင် အဲဒီ အစီအစဉ်ပြီးဆုံးအောင် လုပ်ဖို့လိုတယ်လို့မြင်တယ်။ ၁၀၀ ရာခိုင်နှုန်းနဲ့ ‘ပ’ အက္ခရာအထိ လုပ်မယ်ပြောထားရင် အဲဒီကြေညာထားတဲ့ အတိုင်းပဲ လုပ်သင့်တယ်။ တိုးမယ်လျှော့မယ်ဆိုလည်း အရင်ဆုံး ကြေညာ၊ အချိန်ကာလတစ်ခုကို ပိုင်းခြားသတ်မှတ်ပြီးမှ လုပ်သင့်တယ်”ဟု ကားတင်သွင်းထားသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
“တိုးတိုးလျှော့လျှော့ ကြေညာပြီး လုပ်သင့်တယ်။ အစီအစဉ်တစ်ရပ် ချထားပြီးရင် ပြီးဆုံးအောင် အရင်လုပ်သင့်တယ်။ ရုတ်တရတ် မူဝါဒကို မကြာခဏပြောင်းပြီး မျှော့ကြိုးလို လိုချင်သလို လုပ်တဲ့ခေတ် မဟုတ်တော့ဘူး။ ဒီမိုကရေစီခေတ် ရောက်နေပြီ။ မီဒီယာတွေလည်းရှိတယ်။ ကြေညာပြီးလုပ်သင့်တယ်။ စီ စဉ်ထားတဲ့အတိုင်း ကြေညာထားတဲ့ အတိုင်း ‘ပ’အထိကို အရင်နှုန်းအတိုင်း အပြတ် ဖြတ်သင့်တယ်။ ပြီးမှ အသစ်ကောက်မယ့်နှုန်းကို ကြေညာပြီး နောက်လာမယ့် အစီအစဉ် တွေကို လုပ်သင့်တယ်။”ဟု ကားဟောင်းအပ်နှံကာ ကားသစ် တင်သွင်းထားသူ တစ်ဦးက ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment