Sunday, March 25, 2012

လက်ရှိချထားပြီးသော ကုန်းတွင်းလုပ်ကွက်များ စာချုပ်ချုပ်ပြီးမှသာ လုပ်ကွက်အသစ်များ ထပ်မံချထားပေးမည်

မြန်မာနိုင်ငံရှိ ကုန်းတွင်းလုပ်ကွက်များတွင် လက်ရှိချထားပေးပြီးသော ကုန်းတွင်းလုပ်ကွက်များ စာချုပ်ချုပ်ဆိုပြီးမှသာ ကုန်းတွင်းလုပ် ကွက်အသစ်များ ထပ်မံချထားပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။
မြန်မာနိုင်ငံ၏ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများအား နိုင်ငံခြားကုမ္ပဏီများနှင့် တိုင်းရင်းသားပိုင်ကုမ္ပဏီများ ပူးပေါင်းရှာဖွေထုတ်လုပ်နိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၁၁ ခုနှစ်အတွင်းက တင်ဒါခေါ်ယူကာ လုပ်ကွက်များ ချထားဆောင် ရွက်ခဲ့ကြောင်းလည်း သိရှိရသည်။
ကုန်းတွင်း လုပ်ကွက်တစ်ခုဖြစ်သည့် RSF-10 ကံမ-နတ်တောင်တွင် ရေနံရှာဖွေနိုင်ရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ EPI (Holding) Limited နှင့် မြန်မာတိုင်းရင်းသားပိုင် Aye Myint Khine Company Limited တို့သည် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်ကို မတ်လ ၉ရက်နေ့က နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်းလည်း သိရှိရသည်။
''လက်ရှိမှာ ချထားပြီးတဲ့ ကုန်းတွင်း လုပ်ကွက်တွေထဲက နှစ်ခုပဲ စာချုပ်ချုပ်ရပါသေးတယ်။ ဒီလုပ်ကွက်တွေအားလုံး စာချုပ်ချုပ်ပြီးရင် နောက်ထပ်လုပ်ကွက်တွေအတွက် တင်ဒါထပ်ခေါ်သွားမှာပါ။ အဲဒီ လုပ်ကွက်တွေအတွက် စာချုပ်တွေ ကိုလည်း အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်နေပါတယ်''ဟုလည်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာတိုင်းရင်းသားပိုင် ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနှင့် နည်းပညာလွှဲပြောင်း ရယူနိုင်ရန် ရည်ရွယ်၍ စွမ်းအင်ဝန်ကြီးဌာနမှ လွန်ခဲ့သည့် ရှစ်လခန့်မှစတင်ကာ ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်အတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူခဲ့ကြောင်း၊ လုပ်ကွက် ၉ ကွက်တွင် နိုင်ငံတကာရေနံကုမ္ပဏီနှင့် မြန်မာတိုင်းရင်းသားပိုင် ကုမ္ပဏီ ၇ ခုတို့အား ပူးပေါင်းလုပ်ကိုင်ခွင့်ပေးခဲ့ကြောင်းလည်း သိရှိရသည်။

မြန်မာတိုင်းရင်းသားပိုင် ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနှင့် နည်းပညာ လွှဲပြောင်းရယူနိုင်ရန် ရည်ရွယ်၍  စွမ်းအင်ဝန်ကြီးဌာနမှ လွန်ခဲ့သည့် ရှစ်လခန့်မှစတင်ကာ ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်အတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူခဲ့ကြောင်း . . .
''အခုလုပ်ကွက် ၉ ကွက်မှာတော့ ဆွစ်ဇာလန်ကုမ္ပဏီက ပဲခူးတိုင်းဒေသကြီး၊ ပြာလို-ပေါက်ခေါင်းရှိ RSF-9  ၊ တရုတ်ကုမ္ပဏီက ဧရာဝတီတိုင်းဒေသကြီး၊ မြစ်သာရှိ MOGE-4  ၊ အိန္ဒိယကုမ္ပဏီတွေက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတရှိ PSCI နဲ့ မကွေးတိုင်းဒေသကြီး၊ ကံမ-နတ်တောင်ရှိ RSF-10၊ အင်ဒိုနီးရှားကုမ္ပဏီက ဧရာဝတီတိုင်းဒေသကြီး၊ အင်းပင်-သဲကြီးကုန်းတွင်ရှိသော EP-5 ၊ မလေးရှားကုမ္ပဏီက မကွေးတိုင်းဒေသကြီး တူရွင်းတောင်ရှိ RSF-2 နှင့်ဂွေးချိုနတ်ရှန်တောင်ရှိ RSF-3 နှင့် ထိုင်းကုမ္ပဏီတွေက မကွေးတိုင်းဒေသကြီး၊ အောင်လံရှိ EP-2 နှင့် တောင်တွင်းကြီးရှိ PSCG လုပ်ကွက်တွေမှာ လုပ်ကိုင်ကြမှာဖြစ်ပါတယ်''ဟုလည်း အဆိုပါစီမံကိန်းများနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment