Thursday, March 22, 2012

ကြားဖြတ်ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာရန် အာဆီယံစောင့်ကြည့် လေ့လာသူ ငါးဦးနှင့် အာဆီယံ ပါလီမန်အဖွဲ့ဝင် ၁၈ ဦးအား မြန်မာဖိတ်ခေါ်

မြန်မာနိုင်ငံသည်လာမည့်ဧပြီလ၁ရက်နေ့တွင်ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့
လာရန် အာဆီယံစောင့်ကြည့် လေ့လာသူ ငါးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ
အဖွဲ့ဝင်နိုင်ငံများမှ ပါလီမန်အဖွဲ့ဝင် နှစ်ဦးစီအား မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ မတ်လ ၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင်၎င်းတို့နှင့်အတူမီဒီယာသမားများကိုလည်းဖိတ်ခေါ်ခဲ့ပါသည်။အာဆီယံ စောင့်ကြည့် လေ့လာ
သူများသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ မတ်လ ၂၈ ရက်နေ့တွင် ရောက်ရှိရန် လိုအပ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးလာရောက်ခဲ့သော အာဆီယံအတွင်းရေးမှူးချုပ် ဒေါက် တာဆူရင်ပစ်ဆူဝမ်နှင့် တွေ့ဆုံစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဧပြီလ၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အာဆီယံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ စောင့်ကြည့် လေ့လာသူများကို ခွင့်ပြုပေးသွားရန် အလေးထားစဉ်းစား သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်ပြီး တရားမျှတမှုရှိရန် နိုင်ငံတကာအ သိုင်းအ၀ိုင်းက တိုက်တွန်းပြောကြား လျက်ရှိပြီး ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်ပြီး တရားမျှတပါက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့ပေးရန်ရှိကြောင်းလည်း ပြောကြားထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အသီးသီး တွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများအတွက် ပြုလုပ်မည့် မဲဆန္ဒနယ်များမှာ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၄၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ခြောက်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်နှစ်နယ်တို့ဖြစ်ကြသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ဧပြီလ ၁ ရက် နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲနေ့တွင် မဲရုံအသီးသီး၌ လွှတ်တော် ကိုယ်စားလှယ်လောင်းများ က မဲရုံကိုယ်စားလှယ်နှင့် အကူ ကိုယ်စားလှယ်ထားရှိ စောင့်ကြည့်နိုင်ကြောင်း မတ်လ ၁၃ ရက်နေ့တွင် အသိပေး ကြေညာခဲ့သည်။
EMG

No comments:

Post a Comment