Sunday, March 25, 2012

 ပြည်ထောင်စု ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုလိုက်ပြီး ဧပြီလ ၁ ရက်နေ့မှစ၍ အခွန်ငွေစည်းကြပ် ကောက်ခံသွားမည်

၂၀၁၂ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုလိုက်ကြောင်း နှင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ အခွန်ငွေစည်းကြပ် ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြည်ထောင်စု၏ ဘတ်ဂျက် အသုံးစရိတ်များ လျှော့ချခြင်းအပြင် အပိုထောက်ပံ့ကြေးနှင့် လုပ်ခတိုးမြှင့် ပေးခြင်း၊ ဒေသစရိတ် ခွင့်ပြုပေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထောက်ပံ့ငွေနှင့် ချေးငွေများတိုးမြှင့်ပေးခြင်း စသည့် အသုံးစရိတ်ပြောင်း လဲမှုများကြောင့် ပြည်ထောင်စု၏ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှင့် ရသုံးမှန်းခြေ ငွေစာရင်းအား ပြင်ဆင်ရေးဆွဲခဲ့ကြောင်း၊ ထိုသို့ပြင်ဆင်ရေးဆွဲရာ တွင် ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးဖြစ်သော ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အမျိုးသား စီမံကိန်းဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ၂၀၁၂ ခုနှစ်  ပြည်ထောင်စု ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲခဲ့ကြောင်း၊ မူလက လိုငွေကျပ် ၂၅၁၇၈၈၈ သန်းရှိရာမှ ယခုပြင်ဆင် ရေးဆွဲခြင်းကြောင့် လို ငွေကျပ် ၁၉၅၃၇၁၂ သန်းအထိ လျော့ကျခဲ့ပြီး လိုငွေနှင့် GDP အချိုး မှာလည်း ယခင်က ၄ ဒသမ ၉ ရာခိုင်နှုန်းမှ ယခုအခါ ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။ ယခု ရေးဆွဲသော ၂၀၁၂ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာအရအသုံးဆိုင်ရာ ဥပဒေကြမ်း မှာ ပြည်ထောင်စု အစိုးရ၏ ဘက်ဂျက်လိုငွေပြမှုကို ကုစားနိုင်ရေးအတွက် အသုံးစရိတ်ကိုလျှော့ချပြီး ၀င်ငွေတိုး လာစေရေး အခွန်စည်းကြပ်မည့် အစီ အစဉ်ဖြစ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်များ၏ ပြောပြချက်အရ သိရှိရသည်။
အခွန်ကောက်ခံမှု လျာထားချက် အရအစိုးရအနေဖြင့် ကျပ်သန်းပေါင်း ၁၀၅၂၉၈၄၈ အခွန်ငွေရရှိစေရန် လျာထားကောက်ခံသွားမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုးကိုမူ ကျပ်သန်း ပေါင်း ၅၁၃၈၂၉၈၅ သန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။
အလားတူပင် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် စတင်ကျင့်သုံး ကောက်ခံမည့် ပြောင်းလဲပြင်ဆင် ထုတ်ပြန်ထားသော အခွန်ဆိုင်ရာ နည်းဥပဒေစည်းမျဉ်း၊ အမိန့်ကြော်ငြာစာများနှင့်စပ်လျဉ်းသော ရှင်းလင်းပွဲအား ရန်ကုန်မြို့ RUMFCC ခန်းမတွင် မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
EMG

No comments:

Post a Comment