Wednesday, March 28, 2012

ကချင်ဒေသမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အန်အယ်လ်ဒီ ကြားဝင်မှု ကေအိုင်အို ကြိုဆို

ကချင်ပြည်နယ်က ဆိုင်းငံ့ခံရတဲ့ မဲဆန္ဒနယ်မြေ ၃ ခုမှာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကေအိုင်အိုနဲ့ ဆွေးနွေး ညှိနှိုင်းလိုတယ်လို့ သဘောထား
 ထုတ်ပြန်တဲ့ အပေါ် ကေအိုင်အိုက ကြိုဆိုလိုက်ပြီး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ 
သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ ကေအိုင်အို ကြေညာချက် မှာ ကေအိုင်အိုဟာ ၂၀၁၀ ရွေးကောက် ပွဲ ကာလက လည်း ရွေးကောက်ပွဲကို မနှောင့်ယှက်ဖို့၊ လူထုက မိမိ ဆန္ဒအတိုင်း မဲပေးဖို့နဲ့ လုံခြုံရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက် ဖို့ အောက်ခြေကို ညွှန်ကြားခဲ့တယ် လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် က ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ကချင်ပြည်နယ် ဖားကန့်၊ မိုးကောင်းနဲ့ ဗန်းမော် မဲဆန္ဒနယ်တွေ မှာ လုံခြုံရေး အခြေအနေ အရ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့ရာမှာ ဘယ်တော့ ပြန်ကျင်းပမယ် ဆိုတာ မပါရှိ ပါဘူး။
ဒီနေ့ထုတ် ကေအိုင်အိုရဲ့ သဘောထားနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ရွေးကောက် ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းကို မေးကြည့်ရာမှာ အစိုးရနဲ့ ကော်မရှင်က ဒီကိစ္စ  လုပ်ဆောင်ပေး မပေး စောင့်နေပါတယ်လို့ ဖြေဆိုပါတယ်။
“ကျနော်တို့ ပြည်ထောင်စုကော်မရှင် ဒါမှမဟုတ် အစိုးရအဖွဲ့က ဒီဟာကို ဆောင်ရွက် ဖို့ သဘောတူမှ လုပ်လို့ရမှာလေ။ ကျနော်တို့ စာထဲမှာလည်း အဲဒီဥစ္စာ ပါပါတယ်။ ကျနော်တို့က စောင့်ရုံပဲရှိ ပါတယ်။ ကျနော်တို့က ကျနော်တို့ရဲ့ ဆန္ဒကို ထုတ်ဖော်တယ်။ အခုလည်း ကေအိုင်အေကလည်း သူ့ ဆန္ဒထုတ်ဖော်တယ်။ ဒီတော့ အရေးကြီးတာ က ပြည်ထောင်စုအစိုးရနဲ့ ကော်မရှင်က ဘယ်လို သဘောထားလဲ မသိရသေးပါဘူး။”လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကတော့   ဒီနေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာ ကချင်ပြည်နယ်က (၃) နေရာ မှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်း ရတာနဲ့ စပ်လျဉ်းလို့ ဖြေကြားရာမှာ သူကိုယ်တိုင် ကွင်းဆင်း ကြည့်ရှု စစ်ဆေးပြီးနောက် လုံခြုံရေး အရ ဘယ်လိုမှ ကျင်းပလို့ မဖြစ်နိုင် တာကြောင့် ခုလို ရွှေ့ဆိုင်းရတာလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကေအိုင်အိုဟာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနေပြီး အစိုးရဘက်က အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုနေသလို ကေအိုင်အိုဘက်က အပစ်အခတ်က ၁၉၉၄ ခုနှစ်ကတည်းက နှစ်ဖက်ရပ်ဖို့ သဘောတူပြီး နိုင်ငံရေး ဆွေးနွေးကြ ဖို့ တောင်းဆိုနေ တာပါ။ မနှစ်က ဇွန်လကစလို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီး တိုက်ပွဲတွေ ဖြစ်နေတာ ပါ။ သမ္မတက ကာချုပ်ကို အပစ် အခတ်ရပ်ဖို့ အမိန့်ပေးထားတယ် ဆိုပေမယ့် အမိန့်ပေးပြီး ၃ လ အတွင်း တိုက်ပွဲ ၃၀၀ လောက် ဖြစ်ပြီး ဒီလအတွင်းမှာတင် တိုက်ပွဲ ၈၀ လောက် ဖြစ်ခဲ့တယ်လို့ ကေအိုင်အိုက ပြောပါတယ်။
DVB

No comments:

Post a Comment