Tuesday, April 3, 2012

ဗိုလ်ချုပ်ဇာတ်ရုပ်အတွက် လျှောက်ထားသူ ၁၅၇ဦးထဲမှ ရွေးချယ်ခဲ့သည့် ၁၄ဦးအား ဧပြီ(၇)ရက်နေ့ တွင် လူတွေ့ စစ်ဆေးမည်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့သည်ဗိုလ်ချုပ်အောင်ဆန်း နေရာ သရုပ်ဆောင်
ရန် လျှောက်ထားကြသည့် သရုပ်ဆောင်များ ရွေးချယ်ရန်ကိစ္စနှင့်ပတ်သက်သည့် အစည်းအဝေးကို မတ်လ ၂၄ရက်နေ့ ညနေ ၆ နာရီက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်း၌ ကျင်းပခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း နေရာကို သရုပ်ဆောင်အတွက် အနယ်နယ် အရပ်ရပ်မှ သရုပ်ဆောင် အသစ်များကို မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာများခေါ်ယူခဲ့ရာ လျှောက်ထားသူ ၁၅၇ ယောက်ရှိခဲ့ကြောင်း သိရသည်။ 

ဓာတ်ပုံများ ပေးပို့လျှောက်ထားသူ ၁၅၇ ယောက်ထဲမှ ဗိုလ်ချုပ်နှင့် အနီးစပ်ဆုံးတူသည့် သရုပ်ဆောင်သစ် ၁၄ဦးအား ပဏာမ ရွေးချယ် လိုက်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါသည်။ 

ပထမအဆင့် ရွေးချယ်လိုက်သည့် သရုပ်ဆောင်သစ် ၁၄ဦးမှာ ဖြိုးတေဇာလင်း (ဘီးလင်းမြို့)၊ အောင်မိုးမင်း(ဆွာမြို့)၊ သိန်းဇော်(လှိုင်သာယာမြို့နယ်)၊အောင်မင်းထွေး(တောင်ဒဂုံမြို့နယ်)၊ နေဦး(ခ)နန္ဒမိုး (မြင်းခြံမြို့နယ်)၊တင်ဆွေထူး (လှိုင်သာယာ မြို့နယ်)၊ မောင်ကျောက်ခဲ (ပြည်ကြီးတံခွန်မြို့နယ်)၊ အောင်ဘိုဘိုဇင်(မြောင်းမြမြို့နယ်)၊ ဗိုလ်ထွေး(ခ) ခင်မောင်ထွေး(ချောင်းဆုံမြို့နယ်)၊ဘုန်းမြင့်ဌေးဇော် (ကမာရွတ် မြို့နယ်)၊ ပန်းချီကိုသူ (ခ) ကျော်နန္ဒ (လှိုင်သာယာမြို့နယ်)၊ထိန်မျိုးလင်း(ခ)ထိန်လင်း(ဒေါပုံမြို့နယ်)၊ အောင်ချမ်း(လားရှိုးမြို့နယ်)၊ သက်ဇော်ဝင်း (ဒဂုံမြို့သစ် အရှေ့ ပိုင်း)တို့ဖြစ်သည်။

 အဆိုပါ (၁၄)ယောက်ကို ဧပြီ ၇ရက်နေ့၊ မနက် ၉နာရီဝယ် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်၌် ဒုတိယအဆင့် လူတွေ့စစ်ဆေး မည်ဖြစ်ကြောင်း သိရသည်။”လူတွေ့စစ်ဆေးတဲ့အခါ အစ်မတို့အနေနဲ့ ၁ ယောက်ရမလား၊ ၂ယောက်ရမလားဆိုတာ မသိနိုင်သေးဘူး။ စစ်ဆေးပြီးမှပဲအစ်မတို့အနေနဲ့ ဘယ်နှစ်ယောက်ရလဲဆိုတဲ့အဖြေထွက်လာမှာပါ။ ဒီလူတွေကို ရွေးတာက အစ်မတို့ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့က လူတွေပဲရွေးတာပါ”ဟု ဒါရိုက်တာကြည်ဖြူသျှင်က ပြောပါသည်။

 ဧပြီလ ၅ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်းဖြစ်မြောက်ရေး အဖွဲ့နှင့် သမိုင်းပညာရှင်များ ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။”အဲဒီဆွေးနွေးမှုမှာ သမိုင်း ပညာရှင်တွေက ဘယ်အပိုင်းတော့ ပါဝင်သင့်တယ်ဆိုတဲ့ သူတို့ရဲ့ဆွေးနွေးမှုတွေကို အစ်မတို့က အကုန်မှတ်တမ်းလုပ်ထားမှာပါ။ သမိုင်းပညာရှင်တွေက ပြည်တွင်းက သမိုင်းပညာရှင်တွေပါ။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းကို ကိုယ်တိုင်စာအုပ်ပြုစု ခဲ့တဲ့ သူတွေ၊ သမိုင်းကြောင်းကို တော်တော် လေ့လာထားတဲ့ လူတွေလေ။ ဒါကြောင့် ကိုယ့်ပြည်းတွင်းက ပညာရှင်တွေကိုပဲ အစ်မတို့ အနေနဲ့ သူတို့ရဲ့ခံစားချက်တွေ၊ သူတို့ဖြစ်စေ ချင်တာတွေကို အစ်မတို့နားထောင်မှာပါ”ဟု ဒါရိုက် ကြည်ဖြူသျှင်က ပြောပါသည်။

 ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ညွှန်းဖြစ်မြောက်ရေး အဖွဲ့တွင် ဒါရိုက်တာကြည်စိုးထွန်း၊ ဆရာချစ်ဦးညို၊ ဦးငြိမ်းမင်း၊ဇော်သက်ထွေး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဒါရိုက်တာကြည်ဖြူသျှင်တို့ပါဝင်ကြကြောင်း
သိရှိရသည်။
လင်းအက္ခရာ
(ပေါ်ပြူလာဂျာနယ်) 

No comments:

Post a Comment