Sunday, May 20, 2012

မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမား ရေးရာ ညှိနှိုင်းမှုတွင် ကောက်ခံငွေများ လျှော့ချနိုင်ရေးပါ ဆွေးနွေး

၁၁ ကြိမ်မြောက် မြန်မာ-ထိုင်း အလုပ်သမား ရေးရာ ညှိနှိုင်း ဆွေးနွေးမှုကို ရှမ်းပြည် တောင်ပိုင်း ညောင်ရွှေ မြို့နယ် အင်းလေး ဒေသရှိ ရွှေနန်းတော် ဟိုတယ်မှာ
မေလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ အထိ ကျင်းပ ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင် နေတဲ့ မြန်မာ အလုပ်သမားများ အတွက် အထောက်အထားများ ထုတ်ပေးရေးနဲ့ ကောက်ခံငွေများ အနည်းဆုံး လျှော့ချနိုင်ရေးပါ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီလို ညှိနှိုင်း ဆွေးနွေး ကြရာမှာ နှစ်နိုင်ငံ တာဝန်ရှိ သူများက မြန်မာ အလုပ်သမားများ အတွက် အထောက်အထား ဖြစ်တဲ့ ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရာမှာ ကောက်ခံတဲ့ နှုန်းထားများကိုပါ ညှိနှိုင်း ဆွေးနွေး ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆွေးနွေး ရတာ ဟာလည်း အလုပ်သမားများ အထောက်အထား ဖြစ်တဲ့ ယာယီ နိုင်ငံကူး လက်မှတ်များကို ကိုယ်တိုင် လာရောက် ဆောင်ရွက် ခြင်းထက် ပွဲစားများကို ပေးကာ ဆောင်ရွက် စေတဲ့ အတွက် ကုန်ကျစရိတ် များစွာ ရှိနေခြင်းကြောင့် အခုလို ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ အလုပ်သမား များအား အကာအကွယ် ပေးရေး ကိစ္စ၊ အလုပ်သမား အသစ်များ စေလွှတ်ရေး ကိစ္စနဲ့ မြန်မာ အလုပ်သမား များရဲ့ သားသမီးများ အတွက် အထောက်အထား ထုတ်ပေးရေးနဲ့ ပညာ သင်ကြားရေး ကိစ္စများ ကိုပါ ညှိနှိုင်း ခဲ့ကြပြီး ညှိနှိုင်းမှု ရရှိချက်များ အပေါ် နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ် ရေးထိုးခဲ့ ကြပါတယ်။ အဲ့ဒီ ဆွေးနွေးမှု ကိုတော့ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနမှ တာဝန် ရှိသူများ ရွှေ့ပြောင်း အလုပ်သမား ရေးရာ ကိစ္စရပ်များနဲ့ ပတ်သက်တဲ့ ၀န်ကြီး ဌာနများမှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ ဘက်မှ အလုပ်သမား ၀န်ကြီးဌာန ၀န်ကြီး ဦးဆောင်ပြီး ကိုယ်စားလှယ် ၃၁ ဦး တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။
MRTV4
 

No comments:

Post a Comment