Wednesday, May 30, 2012

မွတ်ဆလင် ဘရားသားဟုဒ် ကိုယ်စားလှယ်နှင့် အီဂျစ် ၀န်ကြီးချုပ်ဟောင်းတို့ အီဂျစ်သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့ ယှဉ်ပြိုင်ရမည်

အီဂျစ်သမိုင်းဝင် သမ္မတရွေးကောက်ပွဲ ပထမအကျော့တွင် မွတ်ဆလင် ဘရားသားဟုဒ် ကိုယ်စားပြု သမ္မတလောင်း မိုဟာမက်မော်ဆီနှင့် မူဘာရက်လက်ထက် ၀န်ကြီးချုပ်လုပ်ခဲ့ဖူးသော အာမက်ရှာဖစ်တို့သည် မဲအများဆုံး ရရှိခဲ့ပြီး ဒုတိယအကျော့ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ကိုင်ရိုမြို့ရှိ အီဂျစ် ရွေးကောက်ပွဲကော်မရှင်မှ ဥက္ကဋ္ဌ ဖာရောက်ဆူလ်တန်က မေလ ၂၈ ရက်တွင် ကြေညာခဲ့သည်။
မဲပေးခွင့်ရှိသူ သန်း ၅၀ အနက် ၂၃ သန်း သို့မဟုတ် ၄၆ ရာခိုင်နှုန်းက လာရောက်မဲပေးခဲ့ကြောင်း သိရသည်။ ပထမအကျော့တွင် မော်ဆီက မဲ ၅ ဒသမ ၇ သန်းရရှိခဲ့ပြီး ရှာဖစ်က မဲ ၅ ဒသမ ၅ သန်း ရရှိခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ဇွန်လ ၁၆ နှင့် ၁၇ ရက်တွင် ဒုတိယ အကျော့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

b5_9_13_1
မွတ်ဆလင် ဘရားသားဟုဒ် ကိုယ်စားလှယ် မိုဟာမက်မော်ဆီနှင့် အီဂျစ်ဝန်ကြီးချုပ်ဟောင်း အာမက်ရှာဖစ်


မူဘာရက်ခေတ်လွန် ပထမဆုံးအကြိမ် သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်း ၁၃ ဦး ယှဉ်ပြိုင်ခွင့်ရခဲ့ သော်လည်း နှစ်ဦးမှာ နုတ်ထွက်သွားခဲ့သည်။ ယခု မဲအများဆုံး ရရှိခဲ့သူနှစ်ဦးမှာ ပြီးခဲ့သောနှစ်က မူဘာရက်ကို ရာထူးဖြုတ်ချနိုင်ခဲ့သော တော်လှန်ရေးတွင် ပါဝင်သူများ၏ ကြိုက်နှစ် သက်မှုမရရှိထားပေ။ လူထုတော်လှန်ရေးတွင်ပါဝင် ခဲ့သူအများစု၏ ထောက်ခံမှုရထား သော သမ္မတလောင်းများမှာ မဲကွဲခဲ့ပြီး အရေးနိမ့်ခဲ့ခြင်းကြောင့် ယင်းကဲ့ သို့ သမိုင်းဝင်အီဂျစ်သမ္မတဖြစ်ခွင့်မှ လွဲချော်ခဲ့ကြရသည်။

မော်ဆီမှာ အမေရိကန်တွင် ပညာသင်ခဲ့သော အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဒီမိုကရေစီအရေး၊ အမျိုးသမီးအခွင့်အရေး၊ အစ္စရေးနှင့် ငြိမ်းချမ်းစွာ ဆက်ဆံရေးတို့ကို လုပ်ဆောင် ပေးမည်ဟု ကတိပြုထားသည်။ 

မွတ်ဆလင်ဘရားသားဟုဒ်သည် လူထုတော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်မှုမရှိခဲ့သော်လည်း စနစ်တကျ ပျိုးထောင်လာခဲ့သော နိုင်ငံရေး အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် ရွေးကောက်ပွဲများတွင် ထောက်ခံမှုများစွာ ရရှိခဲ့ခြင်းဖြစ်သည်။ 

လေတပ်အရာရှိဟောင်း တစ်ဦးဖြစ်သော ရှာဖစ်က သူသည် မူဘာရက်နှင့် ခပ်ကင်းကင်း နေရန်ကြိုးစားခဲ့ကြောင်း ပြောကြားခဲ့ပြီး မူဘာရက်လမ်းစဉ်ကို လိုက်မည်မဟုတ်ကြောင်း ကတိပေးထားသည်။  CNN

No comments:

Post a Comment