Thursday, May 24, 2012

ယူအက်စ်အိုးပင်း ပြိုင်ပွဲ အပြီးတွင် အနားယူတော့မည့် ကင်ကလိုက်စတားစ်

ကမ္ဘာ့အဆင့် ၁ တင်းနစ်မယ်ဟောင်း ဖြစ်သူ ကင်ကလိုက်စတားစ်ဟာ ယူအက်စ်အိုးပင်း ပြိုင်ပွဲ အပြီးမှာ တင်းနစ် ကစားခြင်းမှ အနားယူတော့မည် ဖြစ်ကြောင်း
သိရှိရပါတယ်။ ကလိုက်စတားစ်ဟာ ကမ္ဘာ့အဆင့် ၁ နေရာကို ၂၀၁၁ ခုနှစ် သြဂုတ်လက ရောက်ရှိခဲ့ပြီး လက်ရှိချိန်မှာတော့ အဆင့် ၄၄ နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ် ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ တင်းနစ်မယ် ကလိုက်စတားစ်ဟာ  ယူအက်စ်အိုးပင်း ပြိုင်ပွဲကို ၂၀၀၅ ၊ ၂၀၀၉ ခုနှစ်တွေနဲ့ ၂၀၁၀ ခုနှစ်တွေမှာ ဗိုလ်စွဲခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ကလိုက်စတားစ်က ယူအက်စ်အိုးပင်း ပြိုင်ပွဲကို ယှဉ်ပြိုင်ပြီးလျှင် တင်းနစ် ကစားခြင်းမှ အနားယူမှာ ဖြစ်ပါတယ်။ ယူအက်စ်အိုးပင်း ပြိုင်ပွဲဟာ မိမိဘ၀မှာ အောင်မြင်မှု အရဆုံး ပြိုင်ပွဲ ဖြစ်ပါတယ်၊ ပြိုင်ပွဲ ကျင်းပရာသို့ မိမိ ယောက္ခမ ဖြစ်သူတွေကလည်း လာရောက် အားပေးမှာ ဖြစ်ပါတယ်လို့ ပြောကြား သွားခဲ့ပါတယ်။ ကလိုက်စတားစ်ဟာ အမေရိကန် နိုင်ငံရှိ အမ်ဘီအေဘတ်စကတ် ဘော ကစားသမား ဘရိုင်ယန်လန့်ခ်ျနဲ့ လက်ထက် ထားသူလည်း ဖြစ်ပါတယ်။

ကလိုက်စတားစ်ဟာ ၂၀၀၇ ခုနှစ်တုန်းကလည်း တင်းနစ် ကစားခြင်းမှ အနားယူခဲ့ဖူးသူ ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာတော့ တင်းနစ် လောကထဲကို ပြန်လည် ၀င်ရောက် လာခဲ့ကာ ယူအက်စ်အိုးပင်း ပြိုင်ပွဲမှာ ဗိုလ်စွဲ နိုင်ခဲ့ပါတယ်။ ကလိုက်စတားစ်ဟာ ၂၀၁၀ ခုနှစ်မှာလည်း ယူအက်စ်အိုးပင်း ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး နှစ်နှစ်ဆက်တိုက် အောင်မြင်မှု ရရှိနိုင်ခဲ့ပါတယ်။ ကလိုက်စတားဟာ ယခုနှစ် အတွင်း ကျင်းပခဲ့တဲ့ သြစတေးလျ အိုးပင်း ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး သူမဟာ အဆိုပါ ပွဲစဉ်မှာ အဇာရန်ကာကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ကလိုက်စတားစ်ဟာ ဒဏ်ရာတွေနဲ့ ရုန်းကန် နေရတာကြောင့် ယူအက်စ်အိုးပင်း ပြိုင်ပွဲ အပြီးမှာ အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ယူအက်စ်အိုးပင်း ပြိုင်ပွဲကိုတော့  သြဂုတ်လ ၂၇ ရက်ကနေ စက်တင်ဘာလ ၉ ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment