Saturday, May 26, 2012

အခွန်နှုန်းထားများ တနှစ်တခါ စောင့်ကြည့်ထိန်းညှိသင့်

မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့MICT တွင် ပြုလုပ်သော Reform strategy and People-centered Development ဆွေးနွေးပွဲတွင် အမေရိကန်ပါမောက္ခ Robert Conard က အခွန်ဆိုင်ရာကိစ္စများ ဟောပြောနေစဉ်။
 ပြည်သူတို့အတွက် အဆင်ပြေသော အခွန်နှုန်းထားတရပ် ဖြစ်ရန်အတွက် သက်ဆိုင်ရာမှ တနှစ်တခါ စောင့်ကြည့်ကာ ထိန်းညှိသွားရန်လိုအပ်ကြောင်း အမေရိကန်နိုင်ငံမှ ပါမောက္ခ
ရောဘတ်ကောနတ်က မေလ ၂၅ ရက်နေ့က ပြုလုပ်သော ဟောပြောပွဲတခုတွင် ပြောကြားသွားသည်။
“ဘတ်ဂျက်နှစ် ရောက်တိုင်းမှာ ပြီးခဲ့တဲ့နှစ်က အခွန်ကိစ္စ အဆင်ပြေရဲ့လားဆိုပြီး သက်ဆိုင်ရာ အခွန်သတ်မှတ်တဲ့လူတွေက ပြန်လည်လေ့လာ သုံးသပ်မှုတွေပြုပြီး ထိန်းညှိဖို့ လိုအပ်ပါတယ်”ဟု Reform strategy and People-centered Development ဆွေးနွေးပွဲတွင် ပြောကြားသွားခြင်း ဖြစ်သည်။

ဆက်လက်၍ ပြည်သူလူထုအနေဖြင့် အခွန်နှုန်းထား မပိဖို့ အရေးကြီးကြောင်း၊ ပြည်သူနိုင်နင်းသော ၀င်ငွေအခွန်တရပ် ပေးနိုင်မှသာ လူထုအဆင်ပြေမည်ဖြစ်ကြောင်း Myanmar Development and Resource Institute မှ ကြီးမှူး ပြုလုပ်သော အဆိုပါ ဟောပြောပွဲတွင် ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

သမ္မတ အကြံပေး ဦးမြင့် ကလည်း ပြည်သူလူထု ပေးထားသောအခွန်သည် ပြည်သူအတွက် အလွန်အရေးပါပုံကို လတ်တလော ကြုံတွေ့နေရသော ဥပမာတခုဖြင့် ပြောကြားခဲ့သည်။

“အခွန်ထမ်း ပြည်သူတွေအတွက် အရေးပါတဲ့ ဥပမာတခု ပြရရင် မီးတွေ ပျက်တယ်ဆိုရင် အဲယားကွန်း ဖွင့်လို့မရဘူး။ ပူရင် အိပ်လို့မရဘူး။ အခွန်ပေးထားတဲ့လူတွေအတွက် ၅ မိနစ်အိပ်မပျော်ရင် အခွန်အတွက် ဆုံးရှုံးပါတယ်”ဟု ပြောကြားသွားသည်။

အင်္ဂလန်နိုင်ငံမှ ပါမောက္ခ Paul Colllier က ပြည်သူဗဟိုပြု ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်ရာတွင် အဖွဲ့အစည်းများ၏ အင်အား၊ အရပ်ဘက် လူ့အဖွဲ့အစည်းတို့၏ အားဖြင့် ဗဟိုပြုကာ ပြည်သူတို့အတွက် အမှန်တကယ် ထိရောက်သည့် အပြောင်းအလဲများဖြစ်ရန် လျှင်မြန်စွာ ဖော်ဆောင်ရန် လိုအပ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
မဇ္ဈိမ
 

No comments:

Post a Comment