Wednesday, May 23, 2012

နာဂစ် မုန်တိုင်းမှ ကျန်ရစ်သူများ အတွက် ကွမ်းခြံကုန်းတွင် ကျေးရွာသစ် ပြန်တည် ပေးခဲ့

နာဂစ် မုန်တိုင်း ဒဏ်ခံရ ပြီးနောက် အသက်ရှင် ကျန်ရစ်ခဲ့ သူများ အတွက် ပြန်လည်တည်ဆောက် ပေးတဲ့ ကွမ်းခြံကုန်း မြို့နယ်ရှိ ကျေးရွာသစ် ဖွင့်ပွဲကိုမေလ ၂၂ ရက်နေ့က ဖွင့်လှစ် ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကျေးရွာသစ်ရဲ့ အမည် ကိုတော့ အေးမြသာယာ ကျေးရွာလို့ အမည်ပေး ထားပြီး ကွမ်းခြံကုန်း မြို့နယ် ခလောက် ကျေးရွာ အုပ်စု အတွင်းမှာ တည်ရှိပါတယ်။ အဲ့ဒီ ကျေးရွာ တည်ဆောက်ဖို့ အတွက် ဧရိယာ ၂၀.၅ ဧကရှိတဲ့ စားကျက်မြေကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က စားကျက်မြေ အဖြစ် ပယ်ဖျက် ခွင့်ရခဲ့ပြီး ကျေးရွာ တည်ဆောက် ပေးခဲ့တာ ဖြစ်ပါတယ်။

ကျေးရွာ တည်ဆောက်မှု ကိုတော့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့ ကစပြီး တိုင်းဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းများ အကောင်အထည်ဖော် တည်ဆောက် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကျေးရွာ တည်ဆောက်မှုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့ ပူးပေါင်းပြီး ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ် ပြန်လည် ထူထောင်ရေး အစီအစဉ်နဲ့ ဖွံ့ဖြိုးရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့ တို့မှ နေအိမ် ၄၃၁ လုံးကို တည်ဆောက် လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ အခုလို တည်ဆောက် ပြီးစီးသွားပြီ ဖြစ်တဲ့ ၄၃၁ လုံးအနက်မှ ၂၄၂ လုံးသာ နေရာချ ထားပေးပြီး ဖြစ်ပါတယ်။

ကျေးရွာ နေသူတွေရဲ့ မီးရရှိရေး အတွက်လည်း System Engineering Co.Ltd မှ Solar Energy နဲ့ မီးလှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ အခုလို လှူဒါန်းရာ မှာတော့ ၁ အိမ်အတွက် မီး ၂ ပွင့် ထားပေးပြီး ဘက်ထရီအိုး ၁ လုံးနဲ့ ၁ နေ့ကို ၄ နာရီစာ ပေးသုံးပြီး ၃ ရက် တစ်ခါ အားပြန် သွင်းခြင်းဖြင့် မီးပေးထား တယ်လို့ သိရပါတယ်။ အေးမြသာယာ ကျေးရွာ အတွက် စာကြည့်တိုက်၊ ကျန်းမာရေး အတွက် လိုအပ်ချက်များနဲ့ မူလတန်းကျောင်း အစရှိသည် တို့ကို ဆက်လက်ပြီး လှူဒါန်း သွားဖို့ ရှိတယ် လို့လည်း သိရပါတယ်။
MRTV4

No comments:

Post a Comment