Tuesday, May 8, 2012

ဦးတင်အောင်မြင့်ဦး သတင်း ဂျာနယ်တွေမှာ ရေးသားဖော်ပြခွင့် ပိတ်ပင်

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်စာတင်တဲ့သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ရေးသားဖော်ပြခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။အခုတစ်ပတ်ထုတ်ဝေမယ့် Venus ဂျာနယ်မှာ ရေးသားထားတဲ့ ဒီသတင်းကို ပုံနှိပ်ထုတ်ဝေရင် အရေးယူခံရ မယ်ဆိုပြီး စာပေစိစစ်ရေးဌာနက ပိတ်ပင်ဟန့်တားလိုက်တာ ဖြစ်တယ်လို့ Venus ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ ကိုသာလွန်ဇောင်းထက်က RFA ကို ဒီကနေ့ အတည်ပြုပြောကြားပါတယ်။

ဦးတင်အောင်မြင့်ဦး နှုတ်ထွက်တဲ့သတင်းကို ပြီးခဲ့တဲ့တနင်္လာနေ့ထုတ် Myanmar Post ဂျာနယ်က စာပေစိစစ်ရေးကို မတင်ပြဘဲ ထုတ်ဝေခဲ့တဲ့အတွက် အရေးယူမယ်လို့ စာပေစိစစ်ရေးအာဏာပိုင်တွေက အယ်ဒီတာအဖွဲ့ကို ခေါ်ယူသတိပေးထားကြောင်း သိရပါတယ်။

ဒီအတောအတွင်း သမ္မတဦးသိန်းစိန် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ အနားယူမယ်ဆိုတဲ့ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Venus ဂျာနယ်က ဒီကနေ့ ဖော်ပြခဲ့တဲ့အတွက် စာပေ စိစစ်ရေးရုံးက ခံဝန်လက်မှတ်ထိုးဖို့ ဆင့်ခေါ်ထားတယ်လို့ Venus ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

ဦးတင်အောင်မြင့်ဦးသတင်းတွေ ရေးသားခွင့် ပိတ်ပင်ထားတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ RFA က စာပေစိစစ်ရေးဌာန တာဝန်ရှိသူတွေ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
RFA
 

No comments:

Post a Comment