Sunday, May 13, 2012

 သုံးလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၂၇၀ကျော် ၀င်ရောက်


ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် 
သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်နေရာအား တွေ့မြင်ရစဉ်

၂၀၁၂ ခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော်သာ ၀င်ရောက် မြှုပ်နှံခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော် ၀င်ရောက်ရာတွင် ၂၄၇ သန်းကျော်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၌ မြှုပ်နှံခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါးမှာ သတ္တုကဏ္ဍတွင် မြှုပ်နှံခြင်းဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

တရုတ်နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ရှစ်နိုင်ငံမှ လာရောက်မြှုပ်နှံခြင်းဖြစ်ကြောင်း ဗြိတိန်မှ အမေရိကန်ဒေါ်လာသန်း ၁၀၀ နီးပါးဖြင့် အများဆုံး မြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ထုံးစံအတိုင်း သဘာဝဓာတ်ငွေ့၊ သတ္တုကဏ္ဍတွေမှာပဲ အဓိက မြှုပ်နှံသွားတယ်။ ကုန်ထုတ်လုပ်မှုမှာ အမေရိကန်ဒေါ်လာ ခြောက်သန်းကျော်လေးပဲ ၀င်သွားတယ်။ ပြောချင်တာကတော့ အရင်က ဘီလျံနဲ့ချီပြီး မြှုပ်နှံတယ် ဆိုလည်း သဘာဝသယံဇာတ ထုတ်ရောင်းတဲ့ကဏ္ဍမှာပဲ အ လွယ်တကူလာတယ်၊ ဒီကလည်း အလွယ်တကူ လက်ခံပြီး ထိုးပေးလိုက်တယ်။ အခုနည်းနည်းလေး လာတာတောင်မှ အရင်အတိုင်းပဲ သဘာဝ သယံဇာတ ထုတ်ရောင်းတဲ့ကဏ္ဍကိုပဲ အလွယ်တကူ ထိုးပေးလိုက်တယ်။ အရင်က မြှုပ်နှံခွင့်ပေးခဲ့တုန်းက သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အသုံးမကျလို့ ကိုယ့်နိုင်ငံမှာ မီးပေးဖို့တောင် အခု သဘာဝဓာတ်ငွေ့ အပြည့်မရသေးဘူး။ အရင်တုန်းက အလွယ်တကူလုပ်ခဲ့လို့ အလွယ်တကူ လက်ခံခဲ့လို့ မရတာလေ။ အခုလည်း ဒီအတိုင်းပဲ ရင်းနှီးမြှုပ်နှံမှုလာတာနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တု ဒါတွေပဲထပ်ပြီး အလွယ်တကူပေးရင် နောင်လာမယ့်နှစ်တွေမှာလည်း ဒီအတိုင်းပဲ ဖြစ်မှာပဲ။ မြေအောက်မှာ ဘာမှမကျန်ဘဲ ကုန်သွားမှ ကိုယ့်နိုင်ငံကပြန်ရမယ့် သဘောဖြစ်နေတယ်''ဟု ပြည်တွင်းရှိ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၂ ခုနှစ် မတ်လကုန်တွင် အမေရိကန်ဒေါ်လာ ၄၀၆၉၉ ဒသမ ၀၄၈ သန်း ရှိလာသည်။
EMG                  

No comments:

Post a Comment