Monday, May 21, 2012

 လော့ကာဘီဗုံးခွဲမှုနှင့် ပတ်သက်၍ အဓိကတာဝန်ရှိသူ သေဆုံး


Megrahi ကို လုံခြုံရေးများက ထရီပိုလီမြို့တွင် ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ
 ၁၈ ရက်က စောင့်ကြပ်ခေါ်လာစဉ်

၁၉၈၈ ခုနှစ်က စကော့တလန်၊ လော့ကာဘီမြို့ပေါ်ရှိ ဝေဟင်တွင် ပန်အမေရိက လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၀၃ ဗုံးခွဲခံရမှုနှင့် ပတ်သက်ပြီး အဓိကတာဝန်ရှိသူဟု စွဲချက်တင်ခံရသူ Abdelbaset Ali Mohmet al-Megrahi သည် မေလ ၂၀ ရက်တွင် သေဆုံးခဲ့ကြောင်း သူ၏ အစ်ကိုဖြစ်သူက ပြောကြားခဲ့သည်။

အသက် ၆၀ နှစ်ရှိ Megrahi သည် ဆီးကျိတ်ကင်ဆာခံစားနေရပြီး ဧပြီလက ရက်အနည်းငယ်ကြာ ဆေးရုံတွင် ကုသမှုခံယူကာ မိသားစုနှင့်အတူ အိမ်သို့ ပြန်သွားခဲ့သည်။
လော့ကာဘီဗုံးခွဲမှုအတွင်း လူ ၂၇၀ ဦးသေဆုံးခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စကော့တလန်တရား ရုံးက ၂၀၀၁ ခုနှစ်တွင် Megrahi ကို စွဲချက်တင်ခဲ့သည်။ သို့သော် ၂၀၀၉ ခုနှစ်တွင် Megrahi သည် သုံးလသာ အသက်ရှင်တော့မည်ဖြစ်ကြောင်း ဆရာဝန်များက ပြောကြားခဲ့သဖြင့် လူသားချင်း စာနာမှုရှုထောင့်မှကြည့်ကာ ပြန်လွှတ်ပေးခဲ့သည်။
လစ်ဗျား ထောက်လှမ်းရေး အေးဂျင့်ဟောင်းတစ်ဦးဖြစ်သူ Megrahi ၏ လစ်ဗျားသို့ အိမ်အပြန်ခရီးတွင် သူရဲကောင်းတစ်ဦးအဖြစ် ကြိုဆိုခံရသည်။ ဗုံးခွဲမှုတွင် တာဝန်ရှိမှုဖြင့် အနိမ့်ဆုံးထောင်ဒဏ် ၂၇ နှစ်အနက် ရှစ်နှစ်ခန့် ကျခံပြီးနောက် လစ်ဗျားသို့ ပြန်ခွင့်ရခဲ့ခြင်းဖြစ်သည်။

သို့သော် ဆရာဝန်များပြောသလို သုံးလမကဘဲ ကြာမြင့်စွာ အသက်ရှင်နေသေးသည့်အတွက် ဗြိတိန်နှင့် အမေရိကန်တို့အတွက် ဒေါသထွက်စရာဖြစ်ခဲ့သည်။ လန်ဒန်မှ နယူးယောက်သို့ ပျံသန်းသည့် ဘိုရင်း ၇၄၇  လေယာဉ်တွင် လူ ၂၅၉ ဦးလိုက်ပါလာခဲ့ပြီး အားလုံးသေဆုံးခဲ့ကာ အ များစုမှာ အမေရိကန်များဖြစ်သည်။
Megrahi က သူသည် အပြစ်ကင်းသူဖြစ်ကြောင်း အမြဲတမ်း ကာကွယ်ခဲ့သလို သူ၏အစ်ကို Abdel-hakim ကလည်း Megrahi သည် သူမကျူးလွန်ခဲ့သော ပြစ်မှုအတွက် ကြားဝင်ပြီး အပြစ်ခံယူရန် ကဒါဖီအစိုးရ၏ စေခိုင်းခြင်းခံရခြင်းသာ ဖြစ်ကြောင်း ဆိုခဲ့သည်။
AFP

No comments:

Post a Comment