Monday, May 21, 2012

ဒီမိုကရေစီခေတ်တွင် အခွင်အရေးပိုမိုရရှိရန် လိင်တူချစ်သူများ မျှော်လင့်

ပွင့်လင်းလာသော အနာဂတ်မြန်မာ့လူ့အဖွဲ့အစည်းတွင် လိင်တူချစ်သူများအတွက်အခွင်အရေးများ ပိုမိုရရှိလာ မည်ထင်ကြောင်း လိင်တူချစ်သူများကဆိုသည်။
 
လိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှုအပေါ်ကန့်ကွက်ဆန့်ကျင်ရေးနေ့တွင် လိင်တူချစ်သူတစ်ဦးဖြစ်သူ ဆည်းဆာ ညီညီက  ပြောကြားခဲ့ခြင်းဖြစ်သည်။


`` ကျွန်တော်တို့နိုင်ငံရဲ့အနေအထား ၊ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲလာမယ့် အနေအထားအရ တစ်ချိန်ချိန်မှာတော့   ဖြစ်လာနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ် ´´ ဟု ဆည်းဆာညီညီက ပြောသည်။

လူသားတိုင်းတွင် လူ့အခွင့်အရေး၏ အခြေခံအချက်ဖြစ်သော တန်းတူလက်ထပ်ပိုင်ခွင့်ရှိသော်လည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုများအရ ယခုလိုအနေအထားသို့ ရောက်ရှိရန် အဆင့်များစွာ လိုအပ်ချက်ရှိ နေသေးကြောင်းကိုလည်း သိရှိရသည်။
 
လိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှုအပေါ် ကန့်ကွက်ဆန့်ကျင်ရေးနေ့အား မန္တလေးမြို့ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ အိုရီရန်တယ်ခန်းမတွင် မေလ(၁၈)ရက်နေ့က ပထမဆုံးအကြိမ်ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှုအပေါ် ကန့်ကွက်ဆန့်ကျင်ရေးနေ့အားမေ(၁၇)ရက်နေ့တွင်   ကမ္ဘာအရပ်ရပ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

လိင်တူချစ်သူများ၏ ဘ၀မှာ ယခင်ကထက်ပိုမိုပွင့်လင်းလာလျင် ကြိုဆိုရမည်ဖြစ်ကြောင်း လူမှုရေး အဖွဲ့အစည်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော MSM တစ်ဦးက ပြောသည်။
 
‘’လူတွေက လိင်တူချစ်သူတွေအပေါ် ခံစားနားလည်ပေးနိုင်တာနဲ့အမျှ ပိုမိုလွတ်လပ်လာမယ်လို့ မြင်တယ်”ဟု MSMတစ်ဦးဖြစ်သူ ကိုဇော်က ၄င်း၏ခံစားချက်ကို ပြောပြသည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)

No comments:

Post a Comment