Tuesday, May 15, 2012

ငွေဖြည့်ကတ်စနစ်များတွင် e-Top up စနစ်ကိုလည်း တိုးချဲ့မည်



မိုဘိုင်းဖုန်းများတွင် အသုံးပြုရသော ကြိုတင်ငွေဖြည့်ကတ်စနစ်များတွင် e-Top up စနစ်ကိုလည်း တိုးချဲ့ လုပ်ဆောင်မည်ဖြစ်ကြောင်း   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။ 
 
e-Top up စနစ်ဆိုသည်မှာ မိုဘိုင်းဖုန်းအတွင်း ထည့်သွင်းရိုက်နှိပ်ရသည့် နံပါတ်များကို လက်ဖြင့်  ရိုက်နှိပ်ရန်မလိုပဲ အီလက်ထရွန်နစ် စက်ဖြင့် ထည့်သွင်းသည့် စနစ်ဖြစ်သည်။
 
ပြည်တွင်းတွင် အသုံးပြုလျက်ရှိသော GSM ကြိုတင်ငွေပေးကတ် စနစ်သုံးဖုန်းများတွင် တစ်သောင်းတန်၊ သုံးသောင်းတန် Top-up ကတ်ဟူ၍ နှစ်မျိုးခွဲခြားထားပြီး ယခုစီစဉ်နေသော e-Top-up စနစ်ကိုလည်း ၎င်း ပုံစံအတိုင်းပင် တစ်သောင်းတန်နှင့် သုံးသောင်းတန် ဟူ၍ နှစ်မျိုးထည့်သွင်းနိုင်မည်ဖြစ်သည်။
 
 စက်တွေကို မိုဘိုင်းဖုန်းဆိုင်တွေမှာ ထားရှိသွားမှာပါ။ ဆိုင်တွေအနေနဲ့ ဒီစနစ်ကို အသုံးပြုခွင့်ပေးဖို့အတွက် ကတ်တစ်ထောင် လောက် အထိ အာမခံထားပြီး လုပ်ပိုင်ခွင့်ပေးသွားမှာပါ။ ဒီစနစ်အောင် မြင်မှုအပေါ်မူတည်ပြီး နယ်မြို့တွေမှာ ဆောင်ရွက် ပေးမှာပါဟု မန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ်ကပြောသည်။

အဆိုပါစနစ်အတွက် ကျပ်တစ်သောင်းနှင့် သုံးသောင်းတန် ဖုန်းခေါ်ဆိုခနှုန်းထားအတိုင်းသာ ထည့်သွင်း ရမည် ဖြစ်သည်။ ကြိုတင်ငွေဖြည့်ကတ်ဖြင့် အသုံးပြုနိုင်သည့် ဖုန်းများမှာ ငါးသိန်းတန် GSM၊ နှစ်သိန်းတန် GSM CDMA 800 MHz CDMA 450 MHz၊ နှစ်သိန်းခွဲ WCDMA၊ ဘီလ်စနစ်မှ ကတ်စနစ်ပြောင်းထားသည့် ၁၅ သိန်း ၅ သောင်း GSM ဖုန်း အချို့နှင့် အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) တို့ဖြစ်သည်။
 
အခု အသုံးပြု နေကြတဲ့ Prepaid Card စနစ်ဟာ ကဒ်က ခဲကို ခြစ်ပြီး လျို့ဝှက် နံပါတ်ရိုက် ထည့်ပြီး အသုံး ပြုရတာပါ၊ တန်ဖိုးအနေနဲ့ ငွေကျပ် ၁ သောင်း၊ ၃ သောင်း အစားအစား ရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခု လက်ရှိ မှာတော့ E- top up စနစ် သုံးစွဲဖိုအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေကို ပြည်ပက မှာယူရအုံးမှာ ဖြစ်ပါတယ်။ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
အဆိုပါ E-top up စနစ် သုံးစွဲနိုင်မည့် အချိန်ကာလအား  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထပ်မံ ကြေငြာသွားမည် ဖြစ်သည်။
ဥာဏ်ဥာဏ် ( မြစ်မခ)

No comments:

Post a Comment