Friday, May 18, 2012

ပြည်တွင်း LCD တီဗွီ ထုတ်လုပ်မှုကို Toshiba ရပ်တန့်


ဂျပန် နိုင်ငံရှိ နာမည်ကျော် အီလက်ထရွန်းနစ် ကုမ္ပဏီကြီး ဖြစ်သည့် Toshiba မှာ ဂျပန် နိုင်ငံ အတွင်းတွင် ထုတ်လုပ်နေသည့်  LCD ရုပ်မြင်သံကြားစက်များထုတ်လုပ်မှုကို ဝယ်လိုအား ကျဆင်းလာသည့် အတွက် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူမှ BBC  သတင်းသို့ ပြောသည်။ Regza brand TV များကို ထုတ်လုပ်သူ Toshiba မှ ပြောရာတွင် ၎င်းတို့ အနေဖြင့် တီဗွီ ထုတ်လုပ်မှု ရပ်ဆိုင်းသည့် နေရာမှာ Saitama  စီရင်စု Fukaya ရှိ အလုပ်ရုံ တစ်ခုတည်းကိုသာ ရပ်တန့်လိုက်ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

Toshiba ကုမ္ပဏီမှာ  ပိုလန် ၊ အီဂျစ် ၊ အင်ဒိုနီးရှား နှင့် တရုတ် နိုင်ငံတို့တွင် စက်ရုံခွဲများ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ဂျပန် နိုင်ငံရှိ အီလက်ထရွန်းနစ် ကုမ္ပဏီများမှာ ဈေးကွက်များ အားနည်းလားရခြင်းကို ရင်ဆိုင်နေရပြီး တောင်ကိုရီးယား တံဆပ်များမှ အစားထိုး ဝင်လာခြင်းကြောင့် ယခုလို ရုန်းကန်နေရခြင်း ဖြစ်သည်။ အလားတူပင် ဂျပန်ရှိ ကုမ္ပဏီများမှာ ယန်းငွေ တန်ဖိုး မြင့်တက်နေခြင်းကြောင့် အခြားသော နိုင်ငံခြားမှ ထုတ်ကုန်များထက် စာပါက ယှဉ်ပြိုင် ရောင်းချရာတွင် အခက်အခဲ ရှိနေရခြင်းကြောင့်လည်း ဖြစ်သည်။

ငွေလဲနှုန်းများကြောင့် ကုမ္ပဏီ အတွင်း ထိခိုက်မှုများ ရှိနေသော်လည်း ယခုလို ထုတ်လုပ်မှု ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ရခြင်းမှာ ငွေလဲနှုန်းကြောင့် သက်သက် မဟုတ်ကြောင်းလည်း ယင်းပြောရေးဆိုခွင့် ရှိသူမှ ပြောခဲ့သည်။ ဂျပန် နိုင်ငံရှိ Hitachi ကုမ္ပဏီမှာ ၎င်းတို့၏ တီဗီ ထုတ်လုပ်မှုများကို ယခင်ကပင် ရပ်တန့်တော့မည်ဟု ပြောကြားခဲ့ပြီးလည်း ဖြစ်သည်။
MRTV4

No comments:

Post a Comment