Wednesday, May 9, 2012

ပထမဆုံးသော ပါတီညီလာခံ NLD ကျင်းပရန် စီစဉ်

၁၉၈၈ ခုနှစ် ပါတီ စတင် တည်ထောင်စဉ် ကတည်းက ပါတီညီလာခံ ကျင်းပနိုင်ခြင်း မရှိခဲ့
သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ယခုနှစ်ကုန်ပိုင်းတွင် ပထမဆုံးညီလာခံ ကျင်းပကာ ပြန်လည် ဖွဲ့စည်းသွားမည်ဟု ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
“ပါတီညီလာခံအနေနဲ့ကတော့ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ကျနော်တို့ အဖွဲ့ချုပ်ကို ရပ်ကွက်အဆင့်၊ ကျေးရွာအုပ်စုအဆင့်၊ မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့် အားလုံး ဒီမိုကရေစီနည်းကျ ဗဟိုအဆင့်အထိ ဖွဲ့စည်းဖို့အတွက် ညီလာခံတွေ လုပ်မှာ ဖြစ်ပါတယ်။ ခြုံပြောရရင်တော့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်ဖို့ ရည်ရွယ်တဲ့ အဖွဲ့ချုပ် ကိုယ်တိုင် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းတာမျိုး လူကြီးတွေ ဆန္ဒရှိပါတယ်” ဟု ပြောသည်။

အဆင့်ဆင့်သော ညီလာခံများပြီးနောက် ဗဟိုညီလာခံကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပနိုင်ရန် ပြင်ဆင်လျက် ရှိသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

NLD ပါတီသည် ၁၉၈၉ ခုနှစ် ဧပြီလတွင် ဗဟိုညီလာခံ ကျင်းပနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း နဝတ အစိုးရ၏ ဖိနှိပ်မှုများကြောင့် ပါတီညီလာခံ ကျင်းပနိုင်ခဲ့ခြင်း မရှိဟု ဦးအုန်းကြိုင်က ဆိုသည်။

“အဲဒီမှာ အဖွဲ့ချုပ်က လူကြီးတွေနဲ့ အဖွဲ့ချုပ်လည်း ဖြိုခွင်းခံရပြီးတော့ ပြောရရင်တော့ တိုက်ပွဲထဲ ရောက်သွားပြီးတော့ ညီလာခံတွေ ရပ်ထားခဲ့ရပါတယ်။ ဥက္ကဋ္ဌနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ တားမြစ်ခံဘဝမှာပဲ အဖွဲ့ချုပ်ကို မပြိုမကွဲ ဆက်လက် ရပ်တည်သွားနိုင်အောင် ကျနော်တို့ အချိန်ပေးခဲ့ရပါတယ်။ အဲဒါကြောင့် ညီလာခံ အထမမြောက်ခဲ့ဘူး” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

NLD သည် ၂ဝ၁ဝ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြန်လည် မှတ်ပုံတင်ခြင်း မရှိခဲ့သည့် အတွက် အလိုအလျောက် တရားမဝင် ဖြစ်ခဲ့ရကာ ထိုနှစ်ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့သည်။ ထို့နောက် ပါတီ မှတ်ပုံတင် ဥပဒေပါ စာသားတချို့အား ပြုပြင်လိုက်ပြီးနောက် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ပြန်လည် မှတ်ပုံပြန်တင်ခဲ့သည်။

ယင်းနောက် ပါတီခေါင်းဆောင်ပိုင်း ပြောင်းလဲမှုများ ပြုလုပ်လာပြီး ပါတီ စတင် တည်ထောင်စဉ်ကတည်းက အထွေထွေ အတွင်းရေးမှူ တာဝန်ယူခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီဥက္ကဋ္ဌ တာဝန်ကို ပြောင်းလဲယူခဲ့ပြီး ပါတီဒုဥက္ကဋ္ဌဖြစ်သူ ဦးတင်ဦးမှာ ပါတီနာယက ဖြစ်လာခဲ့သည်။

ပါတီဝင်အားလုံးကိုလည်း လျှောက်လွှာ ပြန်တင်စေခဲ့ခြင်းဖြင့် ပါတီ ဖွဲ့စည်းမှုများ ပြုပြင်ခဲ့သည်။

ယခုအချိန်တွင် ပါတီဝင် လျှောက်လွှာ ခြောက်သိန်းခွဲကို ဖြန့်ဝေထားပြီး မေလကုန်တွင် ပါတီဝင် လျှောက်လွှာအားလုံး အဖွဲ့ချုပ်ဗဟိုသို့ ပေးပို့ရန်လည်းနှိုးဆော်ထားသည်။

၂ဝ၁ဝ ခုနှစ်အတွင်း NLD မှခွဲထွက်၍ ပါတီသစ်ထောင်ကာ ရွေးကောက်ပွဲဝင်ခဲ့ကြပြီးနောက် ယခုတဖန် NLD သို့
ပြန်လည်ဝင်ရောက်ရန် လျှောက်ထားမှုများနှင့်ပတ်သက်၍လည်း ညီလာခံမှ ဆုံးဖြတ်ပေးမည်ဟု ဦးအုန်းကြိုင်က ပြော သည်။
မဇ္ဈိမ

No comments:

Post a Comment