Monday, June 25, 2012

ယခုနှစ်အတွက် အမေရိကန်အစိုးရက လူကုန်ကူးမှုအတွက် စောင့်ကြည့်ရမည့် အဆိုးဆုံးအဆင့်မှ လျော့ချပေးလိုက်သည့် နိုင်ငံ ၂၉ နိုင်ငံတွင် မြန်မာပါဝင်လာ

မဲခေါင်ဒေသနိုင်ငံများအနက် မြန်မာနိုင်ငံသည် ၂၀၀၈ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုတွင် အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက အားအနည်းဆုံးနိုင်ငံဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ် ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အမေရိကန်အစိုးရက ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သော Traffi- cking in Persons Report-2012 တွင် မြန်မာနိုင်ငံကို လူကုန်ကူးမှုအတွက် စောင့်ကြည့်ရမည့် Tier 3 အဆင့်ရှိသည့် နိုင်ငံအဖြစ်မှ Tier 2 အဆင့်သို့ လျော့ချပေးခဲ့သည်။
မြန်မာနိုင်ငံအစိုးရသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်ရမည့် အနိမ့်ဆုံးစံနှုန်းများကိုပင် မမီသေးသော်လည်း ထင်ရှားသည့် ကြိုးပမ်းမှုများရှိကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် အဓမ္မစေခိုင်းမှုနှင့် ကလေးစစ်သားကိစ္စများကို ဖြေရှင်းရန် မမျှော်မှန်းနိုင်လောက်သည့် ခြေလှမ်းများစတင်ခဲ့ပြီး ယင်းခြေလှမ်းများသည် လာမည့်နှစ်များတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပြုပြင်ပြောင်းလဲသွားမည်ဟု ယုံကြည်နိုင်သည့် ခြေလှမ်းများဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ လူကုန်ကူးမှုအတွက် စောင့်ကြည့်ရသည့် နိုင်ငံစာရင်းတွင် Tier 3 အဆင့်မှတက်လာခြင်းမရှိပဲ ယခု ၂၀၁၂ ခုနှစ်ရောက်မှ Tier 2  အဆင့်သို့ တက်လာနိုင်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဒုတိယ ၅ နှစ်စီမံကိန်းကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး လူကုန်ကူးမှုအတွက် ၂၄ နာရီ တိုင်ကြားနိုင်သည့် အရေးပေါ် ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အမီ အဓမ္မစေခိုင်းမှုပပျောက်ရေး လုပ်ဆောင်ရန် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း ILO နှင့် အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းတို့ ပြီးခဲ့သည့် မေလအတွင်းက လတ်မှတ်ရေးထိုးခဲ့သည်။
EMG

No comments:

Post a Comment