Monday, June 4, 2012

ဇွန်လ ၁ ရက်မှစ၍ အာဆီယံနိုင်ငံများ အပါအ၀င် ၂၆ နိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာ စတင်ခွင့်ပြု လုပ်ငန်းဗီဇာသီးသန့်ကိုသာ ခွင့်ပြုပေးခြင်းဖြစ်ကာ အလည်အပတ်ဗီဇာ လျှောက်ထားသူများ မပါသေး

၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ အာဆီယံ နိုင်ငံများအပါအ၀င် ၂၆ နိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာ စတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ ခွင့်ပြုခဲ့သည့် ဆိုက်ရောက်ဗီဇာမှာ လုပ်ငန်းဗီဇာ (Business Visa) သီးသန့်ဖြစ်ပြီး အလည်အပတ် ဗီဇာလျှောက်ထားသူများ ကိုမူ ဆိုက်ရောက်ဗီဇာ ခွင့်ပြုခြင်းမရှိသေးကြောင်း သတင်းရရှိပါသည်။

ဆိုက်ရောက်ဗီဇာအား ပထမအဆင့်အဖြစ် ခွင့်ပြုမည့် ဗီဇာအမျိုးအစားအား သုံးမျိုးသတ်မှတ်ထားကြောင်း သိရသည်။ ယင်းဗီဇာသုံးမျိုးမှာ လုပ်ငန်းဗီဇာ(Business Visa) အား ဗီဇာကြေး အမေရိကန် ဒေါ်လာ ၅၀နှင့် ခွင့်ပြုရက်ပေါင်း ၇၀၊ အစည်း အဝေး၊ အလုပ်ရုံဆွေးနွေးပွဲ တက် ရောက်ရန်နှင့် တွေ့ဆုံရန်အတွက် ပြည်ဝင်ဗီဇာ(Entry Visa)အား ဗီဇာကြေး အမေရိကန်ဒေါ်လာ ၄၀ နှင့် ခွင့်ပြုရက်၂၈ ရက်နှင့် ဖြတ်သန်းဗီဇာ (Transit Visa)အား အမေရိကန်ဒေါ်လာ ၂၀ နှင့် ခွင့်ပြုချိန် ၂၄ နာရီဖြစ်ကြောင်း သိရသည်။

''အခုခွင့်ပြုတဲ့ ဆိုက်ရောက်ဗီဇာက (Business Visa)သီးသန့် ဖြစ်ပါတယ်။ အလည်အပတ်နဲ့ ၀င်လာမယ့် ခရီးသွားတွေအတွက် မပါသေးပါဘူး။ဒါကြောင့်မို့ ဆိုက်ရောက်ဗီဇာ လျှောက်ထားသူကို မြန်မာနိုင်ငံ ကုမ္ပဏီကခေါ်တဲ့စာ၊ ၀င်လာမယ့်သူက အမည်ပျက်စာရင်းရှိ၊ မရှိနဲ့ မြန်မာ နိုင်ငံကခေါ်တဲ့ ကုမ္ပဏီက သက်ဆိုင်ရာဝန်ကြီးဌာနက တရားဝင် ခွင့်ပြုထားတဲ့ ကုမ္ပဏီ ဟုတ်၊မဟုတ် စတာတွေကို သေချာစိစစ်ပြီးမှ ခွင့်ပြုပေးနေပါတယ်''ဟု ဆိုက်ရောက်ဗီဇာ ခွင့်ပြုမှု စိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၃ ရက်နေ့က ပြောပြခဲ့သည်။

ယခု ခွင့်ပြုခဲ့သည့် ဆိုက်ရောက်ဗီဇာအား အာဆီယံနိုင်ငံများအားလုံးနှင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ ဖြစ်သည်။

လက်ရှိတွင် ဆိုက်ရောက် ဗီဇာဖြင့် ၀င်ရောက်ခဲ့သည့် ခရီးသည်ဦးရေမှာ ဇွန်လ ၁ရက်နေ့တွင် ၇ဦး၊ ဇွန်လ ၂ရက်နေ့တွင် ၅ဦးနှင့် ဇွန်လ ၃ရက်နေ့ နေ့လည် ၂နာရီထိ ခရီးသည် ၅ဦး (ယင်းနေ့အတွက် စာရင်းမပိတ်သေး) ၀င်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
EMG

No comments:

Post a Comment