Thursday, June 21, 2012

 ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ တုံ့ပြန်မှုအပေါ် အမေရိကန်အစိုရက ချီးကျူးပြောဆို

ရခိုင်ပြည်နယ်အတွင်း မကြာမီရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော သေစေနိုင်လောက်သည့် အဓိကရုဏ်းများအပေါ် မြန်မာအစိုးရ၏ တုံ့ပြန်မှုကို ဇွန်လ ၁၉ ရက်နေ့က အမေရိကန်အစိုးရက ချီးကျူး ပြောဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

အခွင့်အရေးကာကွယ်ပေးသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Amnesty International အဖွဲ့က ရိုဟင်ဂျာကို မြန်မာအစိုးရက ဖမ်းဆီးမှုများရှိနေသည်ဟု ဝေဖန်နေသော်လည်း အမေရိကန်အစိုးရက ချီးကျူး ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းကို နောက်ပြန် လှည့်သွားစေနိုင်သော ရခိုင်ပြည်နယ်အတွင်း လူစုလူဝေးဖြင့် အကြမ်းဖက်မှုများဖြစ်ပွားခဲ့အပြီးတွင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ကို အားပေးစကား ပြောကြားလိုက်ခြင်း ဖြစ်သည်။ 
"ကျွန်တော်တို့အရင်က မမြင်ဘူးခဲ့တဲ့ အရာမျိုးပါပဲ။ မြန်မာအစိုးရဟာ ရခိုင်ဗုဒ္ဓဘာသာပဲ ဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ် အကူအညီ လိုအပ်နေသူတိုင်းကို ကူညီဖို့ ကြိုးစားနေပါတယ်" ဟု မြန်မာနိုင်ငံအတွင်းရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံ Michael Thurston က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ 
ရခိုင်ပြည်နယ်ရှိ ဒေသခံများနှင့် ရိုဟင်ဂျာများအကြား တိုက်ခိုက်မှုများဖြစ်ပွားအပြီး ဇွန်လ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့ခြင်းနှင့် ညမထွက်ရအမိန့်ကို ပြဌာန်းခဲ့သလို ရုပ်မြင်သံကြားမှလည်း တိုက်ရိုက် မိန့်ခွန်းပြောကြားမှုကို ပြုလုပ်ခဲ့သည်။
မြန်မာအစိုးရသည် ယခု တစ်ကြိမ် အဖြစ်အပျက်တွင် နိုင်ငံတကာအကူအညီများကို လျှင်မြန်စွာခေါ်ခဲ့ကြောင်း အမေရိကန်သံရုံး ယာယီတာဝန်ခံက ပြောကြားခဲ့သည်။
"ဒီတစ်ကြိမ်တုံ့ပြန်မှု က ဆိုင်ကလုန်းနာဂစ်ဖြစ်တုန်းကထက် အများကြီးကို သာပါတယ်။ ကျွန်တော်တစ်ယောက်တည်း ဒီလို တွေးတာမဟုတ်ပါဘူး။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေ အများစုကလည်း ဒီတစ်ခေါက်တုံ့ပြန်မှုဟာ အများကြီး ကွဲပြားသာလွန်မှုရှိတယ်လို့ ဆိုပါတယ်"ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ 
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း၌ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများအပြင် ကြက်ခြေနီအသင်းနှင့် WFP  တို့မှ အကူအညီ အထောက်အပံ့များ ပေးအပ်နေပြီဟု သိရသည်။ ထိုအပြင် အဆိုပါ အဓိကရုဏ်းများကြောင့် သေဆုံးသူပေါင်း ၈၀ ကျော် သွားပြီဖြစ်ကြောင်း မြန်မာအစိုးရတာဝန်ရှိသူတစ်ဦး၏ ဇွန်လ ၂၁ ရက်နေ့ ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းတွင် ဖေါ်ပြထားပါသည်။
EMG

No comments:

Post a Comment