Friday, June 22, 2012

မြန်မာနိုင်ငံကိုယ်စားပြု ဥပဒေရေးရာဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိသူမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာရှိဟု ဦးတင်ဦးဆို

အောက်စဖို့(ဒ်)တက္ကသိုလ်ထွက်ကျောင်းသားများထဲမှ မြန်မာနိုင်ငံကိုယ်စားပြု၍ အရပ်ဘက်ဆိုင်ရာဥပဒေ ရေးရာဂုဏ်ထူးဆောင် ပါရဂူဘွဲ့အား  ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာ ရရှိခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးက ဆိုသည်။
 
အင်္ဂလန်နိုင်ငံ အောက်စဖို့(စ်)တက္ကသိုလ်မှ ချီးမြှင့်သော အဆိုပါဆုအား မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့ခြင်းဖြစ်သည်။
 
“ အောက်စဖို့(ဒ်)မှာ နေခဲ့ဖူးတဲ့အတွက် သူယူတဲ့ ဘာသာရပ်တွေနဲ့ ပတ်သတ်ပြီး ဒေါက်တာဘွဲ့ ဘာသာရပ်ဆိုင်ရာအားဖြင့်တော့ ဘာသာဗေဒဥပဒေပေါ့။ သူတို့နိုင်ငံသားမဟုတ်ဘဲ အခြားနိုင်ငံသားကို ဒီဒေါက်တာဘွဲ့ပေးတာကအင်မတန်ကြီးမားတဲ့ဂုဏ်ပါ ‘’  ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နယက ဦးတင်ဦးကဆိုသည်။   
 
အင်္ဂလန်နိုင်ငံ အောက်စဖို့(ဒ်)တက္ကသိုလ်မှ ဒေါ်အောင်ဆန်းစုကြည်အား ဇွန်လ( ၂၀) ရက်နေ့တွင် အရပ်ဘက် ဆိုင်ရာ ဥပဒေရေးရာဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခဲ့ကြောင်းကိုလည်း နိုင်ငံတကာမီဒီယာများကတဆင့် သိရှိ ရသည်။
 
အဆိုပါဘွဲ့သည် အောက်စဖို့(ဒ်)တက္ကသိုလ်ထွက်ကျောင်းသူတစ်ဦးအနေဖြင့် ပညာပိုင်းတွင် ထူးချွန်သူကို ပေးခြင်းသာမက  နိုင်ငံတစ်နိုင်ငံအတွက်ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း၊ မေတ္တာတရားနှင့်
 ဆောင်ရွက်ခြင်းတို့အတွက်ရည်ရွယ်၍  ပေးခြင်းဖြစ်သည့်အတွက်အမြင့်ဆုံးဘွဲ့တံဆိပ်ဆွတ်ခူးရ
ရှိခြင်းဖြစ်သည်။
 
“ အဓိကကတော့ လူငယ်တွေအတွက် စံပြဖြစ်တယ်။ နိုင်ငံ့ဂုဏ်တက်အောင် လူငယ်တွေ သူ့လို ကြိုးစားရမယ်။ အင်္ဂလိပ်စာ၊ အင်္ဂလိပ် ဘာသာကို ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး ပြောနိုင်ရမယ်။  အင်္ဂလိပ်အက်ဆေးကို ဆွဲဆောင်မှု ရှိရှိနဲ့ ကြုံသလို လျှပ်တပြက်ရေးနိုင် ရမယ်။ ကျွန်တော်တို့ နိုင်ငံကနေ အောက်စဖို့(ဒ်)တက္ကသိုလ် တက်နိုင်တဲ့ လူငယ်တွေပိုပြီး ထွန်းကားလာအောင် ကြိုးစားရမယ်” ဟု သင်္ဘောကပ္ပတိန်ဟောင်း ဦးစိုးအောင်ကပြော သည်။      
 
အင်္ဂလန်တွင်ရှိသောကျောင်းများမြန်မာနိုင်ငံမှ ဦးချန်ထွန်း၊ ဦးမောင်မောင်၊ ဦးအေးမောင်အစရှိသော မြန်မာနိုင်ငံသားများသည် ဘာသာရပ်တစ်ခုစီအတွက်  အောက်စဖို့(ဒ်)တက္ကသိုလ်မှ ဒေါက်တာဘွဲရရှိခဲ့ဖူးကြောင်းကိုလည်း သိရှိရသည်။  
 
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လကုန်ပိုင်းတွင် ပြင်သစ်နိုင်ငံမှ ပြည်လည်ရောက်ရှိလာမည်ဖြစ်ပြီး ဇူလိုင်(၄) ရက်နေ့တွင်   ပြန်လည်ကျင်းပမည့် စတုတ္ထပုံမှန်လွှတ်တော်အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေး (လွပ်လပ် သော တရားစီရင်ရေး) ၊ ဆူပူမှုများအား ငြိမ်းချမ်းစေရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ စီးပွားရေးနှင့် ပါတ်သတ်သော ကိစ္စရပ်များအား လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်ထားကြောင်းကိုလည်း NLD ပါတီ နာယကက ဆက်လက်ပြောကြားခဲ့သည်။
ယမင်း(မြစ်မခ)

No comments:

Post a Comment