Saturday, June 16, 2012

ကညန မှ အခွန်လျော့ပေးသည့် ထုတ်ပြန်ချက် ကြေညာ


ရထားပို့ဆောင်ရေး ၀န်ကြီးဋ္ဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန (ကညန) မှ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်အပြင် အခြားသော ယာဉ်တင်သွင်းမှုများနှင့် ပတ်သက်၍ ကညန၏ အခွန်ကောက်ခံမှုနှုန်းထား  ကြေညာချက် တရပ်ကို ယနေ့နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။

ယင်းကြေညာချက်များတွင် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်အရ ပ အက္ခရာမှ အထိ ကားအစီးရေ ငါးသောင်းကျော်အနက် ၄သောင်း ၉ ထောင်ကျော် လဲလှယ်ပြီးကြောင်း၊ ဘအက္ခရာမှ နှစ်စဉ် မှတ်ပုံတင် သက်တမ်း နှစ် ၂၀ ပြည့်ယာဉ်များကိုလည်း လဲလှယ်သွားရာတွင် ကညန အခွန်ကို ယာဉ်ဆိပ်ကမ်းရောက် တန်ဖိုး၏ ၆၀ ရာခိုင်နှုန်း လျော့ပေးမည် ဖြစ်ကြောင်း ပါရှိသည်။

ကားပြပွဲတွင် ပြသထားသည့် ဂျပန်တပတ်ရစ် ကားတစီး

ထို့ပြင် ယာဉ်အိုယာဉ်ဟောင်း စီမံချက်တွင် မပါရှိသော်လည်း အငှား တက်စီယာဉ်ဖြစ်ပါက အစားထိုးတင်သွင်းမည့်ယာဉ်ကို အငှားတက်စီအဖြစ်သာ သုံးစွဲမည်ဟု ဆိုပါက ၈၀ ရာခိုင်နှုန်းလျော့ပေးမည့်ဟု ကာ သက်ဆိုင်ရာ ပြည်နယ်တိုင်းအစိုးရများက လိုအပ်ချက်အရ  အငှားတက်စီယာဉ်အဖြစ် တင်သွင်းခွင့်ပြုပါက ကာ အက္ခရာ အမဲမပြောင်း၊ မရောင်းချရ ကန့်သတ်ချက်ဖြင့် တင်သွင်းခဲ့လျင် ၅၀ ရာခိုင်နှုန်း လျော့ချပေးမည်ဖြစ်သည်ဟု ပါရှိသည်။

ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်တွင် မပါရှိသည့် အက္ခရာမြင့် တပ်မတော်လေလံ၊ အစိုးရလေလံကားများကိုလည်း ပိုင်ရှင်ဆန္ဒအရ လဲလှယ်လိုပါက ကညနခွန်ကို ၆၀ ရာခိုင်နှုန်း လျော့ချပေးမည်ဟုလည်း ကြေညာချက်တွင်ဖေါ်ပြထားသည်။

လူနာတင်ယာဉ်များမှာ အခကြေးငွေယူကာ သယ်ပို့ခြင်းဖြစ်၍ မှတ်ပုံတင်ခွန် ၁၀ ရာခိုင်နှုန်း၊ နိဗ္ဗာန်ယာဉ်ဆိုပါက မှတ်ပုံတင်ခွန် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကာ အက္ခရာတွင် နိဗ္ဗာန် ဆိုသည့် အက္ခရာဖြင့် သတ်မှတ်ခွင့်ပြုမည်ဟု လည်းပါရှိသည်။

မော်တော်ဆိုင်ကယ်များကိုလည်း ဇွန်လ ၄ ရက်နေ့မှ အခွန်ဆောင်ကာ မှတ်ပုံတင်ခွင့် ပြန်လည်ပြုထားကြောင်းလည်း ယင်းကြေညာချက်တွင် ဖေါ်ပြပါရှိသည်။

ယမန်နှစ်က စတင်ကြေညာခဲ့သည့် ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး အစီအစဉ်ကြောင့် အဆမတန်မြင့်မားခဲ့သည့် ပြည်တွင်းကားဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းခဲ့ရာမှ လွန်ခဲ့သည့်မေလဆန်းက နိုင်ငံခြားငွေ စာရင်းရှိသူတိုင်း ၂၀၀၇ ခုနှစ် မိုဒယ်နှင့်အထက် တစီးစီ တင်သွင်းခွင့်ရှိကြောင်း ကြေညာလိုက်ချိန်မှစ၍ ဆယ်စုနှစ် တခုကျော်အတွင်း အနိမ့်ဆုံးသို့ကျဆင်းလာခဲ့သည်။     
 by Yangon Press International

No comments:

Post a Comment