Wednesday, June 20, 2012

ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့သည့် ဂျလီနာဂျန်ကိုဗစ်


ဆာဘီးယား တင်းနစ်မယ် ဂျန်ကိုဗစ်ဟာ ဘာမင်ဂမ် မြို့မှာ ကျင်းပနေတဲ့ အေဂွန်ကလပ်စစ် တင်းနစ် ပြိုင်ပွဲမှာ နောက်ဆုံး ဗိုလ်လုပွဲ အဆင့်ကိုတက်ရောက် သွားနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဂျန်ကိုဗစ်ဟာ ဆီမီးဖိုင်နယ် အဆင့်မှာ တရုတ် တင်းနစ်မယ် ဇန်ဂျီကို ၆-၇ ၊ ၂-၇ ၊ ၇-၅ ၊ ၆-၁ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျန်ကိုဗစ်ဟာ ကွာတားဖိုင်နယ် အဆင့်မှာလည်း ဂျပန် တင်းနစ်မယ် မီဆာကီဒိုအီကို အနိုင် ရခဲ့ပါတယ်။ အေဂွန် အိုးပင်း ပြိုင်ပွဲမှာ ၂၀၀၇ ခုနှစ်က ဗိုလ်စွဲခဲ့ဖူးသူ ဂျန်ကိုဗစ်က ဇန်ဂျီ နဲ့ ကစားခဲ့ရတာဟာ အမှန်တကယ်ကို ခက်ခဲခဲ့ပါတယ်။ ဇန်ဂျီဟာ ပြိုင်ဖက်ကောင်း တစ်ယောက် ဖြစ်ပါတယ်လို့ ပြောကြား သွားခဲ့ပါတယ်။ အခြား ဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့ အမေရိကန် တင်းနစ်မယ် မယ်လာနီအိုဒင်က ရုရှား တင်းနစ်မယ် မာကာရိုဗာကို ၆-၄ ၊ ၃-၆ ၊ ၆-၂ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အိုဒင်ဟာ သူမရဲ့ ကစားသမား ဘ၀ တစ်လျှောက်မှာ ဒဗလျူတီအေတိုး ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အဆင့်ကို ပထမဆုံး အကြိမ် တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အိုဒင်က ဂျန်ကိုဗစ်ဟာ ကြီးကျယ်တဲ့ တင်းနစ်မယ် တစ်ဦး ဖြစ်ပါတယ်။ သူမဟာ ကမ္ဘာ့ထိပ်ဆုံး ၁၀ ယောက်ထဲမှာ အချိန်တော်တော် ကြာကြာ ရပ်တည်နိုင်သူ ဖြစ်ပါတယ်လို့ ပြောကြား သွားခဲ့ပါတယ်။ အေဂွန်အိုးပင်း တင်းနစ် ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲကိုတော့ ဇွန်လ ၁၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ကြောင်း သတင်းများအရ သိရှိရပါတယ်။
MRTV4

No comments:

Post a Comment