Wednesday, June 20, 2012

နိုင်ငံခြားငွေဈေးကွက်သို့ ဗဟိုဘဏ်ဝင်လာပါက ကန်ဒေါ်လာငွေလဲနှုန်း အပြောင်းအလဲကြီးမားနိုင်

နိုင်ငံခြားငွေလဲလှယ်သည့်ဈေးကွက်အတွင်းသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝင်ရောက်လာပါက အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်းအပြောင်းအလဲသိသိသာသာဖြစ်ပေါ်လာနိုင်ကြောင်းဘဏ်လုပ်ငန်း
ဆိုင်ရာကျွမ်းကျင် သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
 
“ဗဟိုဘဏ်က Market ထဲကို ဝင်လာမှ ဒေါ်လာဈေးနှုန်းအပြောင်းအလဲ သိသိသာသာဖြစ်လာမှာ အခုလက်ရှိ ဗဟိုဘဏ်က ဘာမှ ဝင်မလုပ်သေးတဲ့အတွက် ဈေးနှုန်းအပြောင်းအလဲထပ်ဖြစ်ဖို့ဆိုတာ မပြောနိုင်သေးဘူး။ ကျလဲ ကျလာနိုင်သလို၊ တက်လဲ ထပ်တက်နိုင် တယ်” ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ကမ္ဘောဇ (KBZ) ဘဏ်မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးသန်းလွင်က   နိုင်ငံခြားငွေလဲလှယ်နှုန်းအပြောင်းအလဲများ ထပ်မံဖြစ်လာနိုင်ခြင်း ရှိ၊မရှိအပေါ် ၎င်း၏အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။
 
(၂၀၁၂)ခုနှစ်၊ ဧပြီလ()ရက်နေ့တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို နှုန်းရှင်အဖြစ်စတင်သတ်မှတ်စဉ်က အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ် ငွေ (၈၁၈) ကျပ်သာရှိခဲ့သည်။
 
သို့သော် မြန်မာနိုင်ငံ၏စီးပွားရေးပြောင်းလဲမှုများနှင့်မူဝါဒအပြောင်းအလဲများကြောင့် နိုင်ငံခြားငွေလဲလှယ်
 နှုန်းအား နှုန်းရှင်အဖြစ် သတ်မှတ်ပြီး (၇၉)ရက်အကြာ ယနေ့ ဇွန်လ(၁၉)ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ လျှင် မြန်မာကျပ်ငွေ(၈၅၇) ကျပ်အထိ   မြင့်တက်လာခဲ့သည်။
 
“ဗဟိုဘဏ်ကနေ ဈေးကွက်ထဲမှာ ဝင်ရောက်လာပြီး အရောင်းအဝယ်ပြုလုပ်လာမယ်ဆိုရင်တော့ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းဟာ ပိုမိုမြင့်တက်လာမယ်လို့ ထင်တယ်။ အခုဆို နိုင်ငံတော်ကနေပြီး ရောင်းချပေးမယ့် ချယ်ရီဝက်ဂွန်ကားတွေဆို   ဒေါ်လာဈေးတက် လာတာကြောင့်ဆိုပြီး အရင် (၅၅) သိန်းနဲ့ ရောင်းချပေးတာကနေ (၇၅) သိန်းဖြစ်သွားတယ်လေ”ဟု Export/Import လုပ်ငန်းရှင် ဦးအောင်ကျော်က ပြောသည်။
 
အမေရိကန်ဒေါ်လာဈေးနှုန်းမြင့်တက်လာသည့်က စီးပွားရေးလုပ်ငန်းရှင်အများစုအတွက်  ဆုံးရှုံမှုအနည်းငယ်သက်သာလာကြောင်းနှင့် ကားတင်သွင်းသူများအတွက်မှု ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။
 
ထို့အပြင် အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ပြင်ပဈေးကွက်ပေါက်ဈေးသည် မေလကုန်ပိုင်းလောက်မှ စတင်ကာ ဘဏ်လဲနှုန်းထက် သိသိသာသာမြင့်တက်လာပြီး ပြင်ပငွေလဲနှုန်း ဈေးကွက်ပြန်လည်လှုပ်ခတ်လာသည်ဟု ပြင်ပ နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်သူများထံက သိရှိရသည်။
 
“ဝယ်ဈေးမှာ ပိုပြီးသိသာတယ်၊တစ်ဒေါ်လာကို ခုနှစ်ကျပ်၊ရှစ်ကျပ်လောက်ကိုကွာတယ်၊ရောင်းဈေးမှာကျတော့ တစ်ကျပ်နှစ်ကျပ်လောက် ပဲ ကွာတယ်ဗျ။ အဓိက အရောင်းအဝယ်ဖြစ်တာက ရာဂဏန်းကနေ၊ ထောင်ဂဏန်းလောက်အထိ အရောင်းအဝယ်ဖြစ်တာ များတယ်” ဟု ကျောက်တံတားမြို့နယ်မှ နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်သူ ကိုစိုးသူက နိုင်ငံခြားငွေလဲလှယ်သည့် ကောင်တာများနှင့် ပြင်ပ   နိုင်ငံခြား ငွေဈေးကွက်ကွာဟမှုအပေါ်တွင် ၄င်း၏အမြင်ကို ရှင်လင်းပြောဆိုသည်။
 
မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းအား နှုန်းရှင်သတ်မှတ်ပြီးနောက် တစ်လကျော်အကြာ မေလ (၉) ရက်နေ့တွင် နိုင်ငံခြားငွေ ဘဏ်စာရင်း ရှိပြီးသူများကို ကားတင်သွင်းခွင့်ပြုပြီးနောက် ရက်ပိုင်းအတွင်း အမေရိကန် တစ်ဒေါ်လာလျှင် (၈၃၄) ကျပ်ဝန်းကျင် အထိ မြင့်တက်ခဲ့သည်။
 
ဇွန်လလဆန်းပိုင်းအထိ တရွေ့ရွေ့ဖြင့်တက်လာသော အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ဇွန်လ (၁၅) ရက်နေ့ ငွေစက္ကူတစ်သောင်း တန်ကျပ် စတင်ထုတ်ဝေသည့်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာ ကျပ်ငွေ(၈၅၃)အထိရှိလာခြင်းဖြစ်သည်။ ယနေ့ဇွန်လ(၁၉) ရက်နေ့ ပေါက်ဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ(၈၅၇)ကျပ်နှုန်းရှိသည်။
 
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်အတွင်းသို့ ၀င်ရောက်ရန် အသင့်မဖြစ်သေးကြောင်း ဗဟိုဘဏ်နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။
ရန်နိုင်(မြစ်မခ)

No comments:

Post a Comment