Sunday, June 17, 2012

နှစ်လအတွင်း ဒုတိယအကြိမ် ဂရိလွှတ်တော် ရွေးကောက်ပွဲများ ကျင်းပ

ဇွန်လ ၁၆ ရက်နေ့က အေသင်မြို့လယ်ရှိ အခရိုပိုလစ် အဆောက်အအုံ နောက်ခံထားပြီး
 ဥရောပသမဂ္ဂအလံနှင့် ဂရိအလံတို့ကို ရိုက်ကူးထားသည့် ဓာတ်ပုံ
အကြွေးနွံနစ်နေသော ဂရိနိုင်ငံ၏ ယူရိုဇုန်အနာဂတ်ကို ဆုံးဖြတ်ပေးမည့် နှစ်လအတွင်း ဒုတိယအကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲကို ဇွန်လ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည်။

New Democracy ပါတီနှင့် Syriza ပါတီတို့မှာ အခြေအနေ အကောင်းဆုံးဖြစ်နေကြောင်း နောက်ဆုံးစစ်တမ်းများက ဖော်ပြနေသော်လည်း နှစ်ပါတီစလုံးတွင် ဦးဆောင်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့နိုင်သည့် အခြေအနေ ရှိ၊ မရှိမှာ မသေချာသေးပေ။ New Democracy သာ ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်ပါက ဂရိသည် ဥရောပ၏ အကူအညီထပ်မံ ရယူပြီး အစိုးရ အသုံးစရိတ်လျော့ချသည့် လမ်းကြောင်းပေါ် လျောက်လှမ်းမည့်အခြေအနေ ရှိသည်။

ဥရောပ၏ ဘဏ္ဍာရေး ကယ်ဆယ်မှု အစီအစဉ်ကို လက်မခံနိုင်ဟု ကြွေးကြော်ထားသည့် အုပ်စုများထဲတွင် အင်အားအကောင်းဆုံး လက်ဝဲယိမ်း Syriza ပါတီကသာ အနိုင်ရခဲ့ပါကမူ ယူရိုဇုန်အတွင်းမှ ထွက်ခွာသည်အထိ အခြေအနေ တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်သည်။

ဘဏ္ဍာရေး အကျပ်အတည်း အဆိုးရွားဆုံး အခြေအနေရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် မေလ ၆ ရက်နေ့ ရွေးကောက်ပွဲတွင် မည်သည့်ပါတီကမှ မဲထက်ဝက်မကျော်သလို မည်သည့်ပါတီကမျှ ညွန့်ပေါင်းအစိုးရဖွဲ့ရန် မညှိနှိုင်းနိုင်ခဲ့သောကြောင့် ရွေးကောက်ပွဲကို နှစ်လအတွင်း ဒုတိယအကြိမ် ပြန်ခေါ်ခဲ့ရခြင်းဖြစ်သည်။
အလုပ်လက်မဲ့နှုန်း မြင့်မားနေမှုနှင့် စီးပွားရေး ကျဆင်းမှုကို ကြုံနေရသော ဂရိနိုင်ငံသားများအကြားတွင် အကူအညီ ထပ်ယူပြီး ချိုးခြံ ခြွေတာရေး အစီအစဉ်များကို လက်ခံရေးအပေါ် နက်နက်ရှိုင်းရှိုင်း သဘောကွဲလွဲနေပြီး ရပ်တည်မှုအလိုက် ပါတီထောက်ခံမှုမှာလည်း ပြန့်ကျဲ ကွဲပြားနေသည်။

သို့ဖြစ်ရာ မေလ ရွေးကောက်ပွဲကဲ့သို့ ပြတ်သားသည့် အနိုင်ရသူ မထွက်ပေါ်ဘဲ မည်သည့်ပါတီကမှလည်း ညွန့်ပေါင်းဦးဆောင်မဖွဲ့နိုင်ပါက အရေးကြီးသောကာလတွင် အိမ်စောင့်အစိုးရဖြင့် ဖြတ်သန်းရမည့်အခြေအနေတွင် ရှိနေသည်။
အားကောင်းခဲ့သည့် ပါတီကြီးများဖြစ်သော New Democracy ပါတီနှင့် Socialist Pasok ပါတီတို့မှာ ခြိုးခြံခြွေတာရေး အစီအစဉ်ကို လက်ခံခဲ့ခြင်းကြောင့် ပြီးခဲ့သည့် မေရွေးကောက်ပွဲတွင် အရေးမလှဖြစ်ခဲ့ရသလို လက်မခံသည့် Syriza ပါတီကိုယ်တိုင်ကလည်း အစိုးရဖွဲ့နိုင်သည့် ပမာဏအထိ ထောက်ခံမှုရရန် ခက်ခဲနေသည်။
ဂရိသာ ယူရိုဇုန်မှထွက်ခွာပါက ဥရောပ ယူရိုငွေကြေးနှင့် စီးပွားရေးကို ကြီးကြီးမားမား ဆိုးကျိုးသက်ရောက်မည်ကို နိုင်ငံတကာက စိုးရိမ်နေကြသလို ခြိုးခြံခြွေတာရေးအစီ အစဉ်ကိုလက်မခံပါကလည်း အကူ အညီထပ်ပေးရေးမှာ အခက်အခဲဖြစ်နေသည်။         
CNN,AFP

No comments:

Post a Comment