Friday, June 1, 2012

မန္တလေးတွင် ညဘက်ဆိုင်ကယ်မောင်းသူများအား အလစ်သုတ်သူများရှိလာ

မန္တလေးမြို့ပေါ်ရှိလမ်းအချို့တွင်ညအချိန်၌ လူအသွားအလာနည်းပါးမှုကို အခွင့်ကောင်းယူပြီး အလစ်သုတ် လုယှက် မှုတွေရှိနေသောကြောင့်  ညအချိန်ဆိုင်ကယ်မောင်းသူများသတိထားသင့် ကြောင်း ကြုံတွေ့ခဲ့ရသူများက ဆိုသည်။
 
'အလစ်သုတ် အလုခံရတာက မိန်းကလေးတွေ ခံရတာများတယ်။ သူတို့က ပိုက်ဆံအိတ်ကို ဆိုင်ကယ်လက်ကိုင်မှာချိတ်ပြီး စီးကြ တာလေ။  ဟိုတစ်လောက ကောင်မလေးတစ်ယောက် ပိုက်ဆံအိတ်ကို ဆိုင်ကယ်လက်ကိုင်မှာချိတ်ပြီးဆိုင်ကယ်စီးရင်း ဖုန်းပြောနေတုန်း ပိုက်ဆံအိတ်အလုခံရတာ ငွေနှစ်သောင်းလောက်ပါသွားတယ် ပြောတယ်' ဟု ထီရောင်းသူ ဒေါ်မြတ်လွင်ကပြောသည်။
 
အလစ်သုတ်သမားများသည် ညဉ်နက်ပြီးလူသွားလူလာနည်းပါးချိန်တွင် ဆိုင်ကယ်စီးလာသူ၏   နောက်မှဆိုင်ကယ်နှင့်ဖြတ်လုပြီး   မောင်းပြေးလေ့ရှိကြောင်း သိရသည်။ အလစ်သုတ်သူများမှာအနည်းဆုံးနှစ်ယောက်   လှုပ်ရှားလေ့ရှိကြောင်းကိုလည်း သိရှိရသည်။
 
“၂၆ရက်နေ့ညဆယ့်တစ်နာရီ လောက်က မြရည်နန္ဒာဘက် (၅၅)လမ်းပေါ်မှာ ဆိုင်ကယ်စီးလာတဲ့လူ တစ်ယောက် ခါးကြားထိုးထားတဲ့ ပိုက်ဆံအိတ်ကို အလစ်သမားနှစ်ယောက် နောက်ကနေဆိုင်ကယ်နဲ့ဖြတ်လုပြေးသွားတယ်၊   ပိုက်ဆံတစ်သိန်းကျော်နဲ့ လက်ကိုင် ဖုန်းပါသွားတယ် ပြောတယ်။ ညဘက်မှာ ဆိုင်ကယ်စီးတဲ့သူတွေအနေနဲ့ ပိုပြီးသတိထားသင့်ပါတယ်' ဟု မျက်မြင်သက်သေ ကိုဆွေထွန်းက ပြောသည်။
 
မန္တလေးလုံခြုံရေးတပ်ဖွဲ့များက အလစ်သုတ်မှုများအား ခိုးမှုနည်းတူ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ဆက်သွယ်တိုင် ကြားနိုင်သည့် ဖုန်းနံပါတ်များအား လမ်းမများတွင်ရေးသားထားကြောင်း နှင့် မှုခင်းကျဆင်းရေး လုပ်ငန်းများအား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
 
'ကျွန်တော်တို့ရဲ တပ်ဖွဲ့တွေညပိုင်းမှာအလှည့် နဲ့အချိန်ပြည့်တာဝန်ထန်းဆောင် ရပါတယ်၊အခုလို အလစ်သုတ်မှုတွေကိုလည်း လိုက်လံ အရေးယူနေလို့ ပပျောက်သလောက်ရှိပါပြီ။အလစ်သုတ်မှုကိုခိုးမှုနည်းတူအရေးယူမှာပါ။   အလစ်သမားမိလို့နောက်ပိုင်းရာဇ၀င် စစ်ကြည့်လိုက်လို့ ဥပဒေနဲ့ မလွတ်ကင်းတဲ့ပြစ်ချက်တွေ ရှိရင်ပေါင်းပြီး အရေးယူမှာပါ။လမ်းတွေမှာလည်း မှုခင်းတစ်စုံတစ်ရာ ဖြစ်ရင် ဆက်သွယ်ဖို့ဖုန်းနံပတ်တွေရေးထားပါတယ်။လက်ကမ်းစာစောင်တွေလည်းဖြန့်ဝေသွားမယ်။ ကျွန်တော်တို့ရဲတပ်ဖွဲ့ဘက်ကတော့ မှုခင်းကျဆင်းအောင်ပဲလုပ်ဆောင်သွားမှာပါ”ဟု အမှက်(၃)ရဲစခန်းမှ ဒုရဲအုပ်မျိုးသူကျော်က ပြောကြားခဲ့သည်။
မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)

No comments:

Post a Comment