Friday, June 15, 2012

ပု၈္ဂလိကကျောင်းများ ပေါ်ပေါက်လာခြင်းက ရေရှည်တွင် ပြင်ပကျူရှင်ဈေးကွက်ကို ထိခိုက်လာမည်မဟုတ်ဟုဆို

လက်ရှိအချိန်တွင် ပုဂ္ဂလိကကျောင်းများ ပေါ်ပေါက်လာခြင်းက ပြင်ပကျူရှင်ငယ်များ၏ဈေးကွက်ကို ထိခိုက်စေနိုင်သော်လည်း ရေရှည်အားဖြင့် ထိခိုက်နိုင်မည်မဟုတ်ကြောင်း ပညာရေးအတိုင်ပင်ခံ အချို့ကပြောသည်။ ယခုပညာသင်နှစ်မှစတင်ကာ ကျောင်းသားအမျိုးအစားသုံးမျိုးရှိပြီး ၎င်းတို့မှာ ပုဂ္ဂလိကကျောင်းတစ်မျိုးတည်းကို ရွေးချယ်တက်ရောက်သူ၊

အစိုးရကျောင်းတစ်မျိုးတည်းကို ရွေးချယ်တက်ရောက်သူနှင့် အစိုးရကျောင်းနှင့် ကျူရှင်ကို တွဲဖက်တက်ရောက်သူတို့ဖြစ်ကြောင်း ပညာရေးအတိုင်ပင်ခံတစ်ဦးက ပြောကြားသည်။ “လတ်တလောမှာ ကျူရှင်တွေဈေးကွက်ကို ထိခိုက်တယ်လို့ပြောရမယ်။ ဒါပေမယ့် ပုဂ္ဂလိကကျောင်းမှာတက်ပြီးနောက်ပိုင်း ကျူရှင်ယူရတာမျိုးလည်း ဖြစ်ပေါ်လာနိုင်မှာပါ။ အဲဒီတော့ ကျူရှင်ဈေးကွက်ပျောက်သွားတာမျိုး မဟုတ်ဘဲ ဈေးကွက်မြင့်သွားတာမျိုး ဖြစ်တယ်။ အခုကျူရှင်က ဈေးကွက်မရှိတော့ဘူး။ ဒါပေမယ့် ကျူရှင်ကနေ ၀ိုင်းသဘောမျိုးဖြစ်သွားမယ်။ ၀ိုင်းဆိုတော့ ၀ိုင်းဈေးနှုန်း နောက်ပြီး ၀ိုင်းကနေတဆင့် တစ်ယောက်စီ အိမ်ခေါ်သင်တဲ့ Home ဈေးနှုန်းစသဖြင့် ဈေးကွက်ပိုမြင့်သွားနိုင်မယ့် အလားအလာရှိတယ်” ဟု ပညာရေးအတိုင်ပင်ခံ ဦးမိုးသူကပြောသည်။  အစိုးရကျောင်းများသာ ရှိခဲ့စဉ်ကာလက ကျူရှင်ဈေးကွက်ရှိခဲ့ပြီး ပုဂ္ဂလိကကျောင်းများ ပေါ်ပေါက်လာပါကလည်း ကျူရှင်ဈေးကွက်မှာ ထပ်မံရှိနေဦးမည်ဖြစ်ကြောင်း၊ သို့သော်လည်း ယခင်ကျူရှင်ပုံစံမဟုတ်တော့ဘဲ ၀ိုင်းသဘောဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။ “ကျောင်းကသင်တဲ့စာကိုမရလို့ ကျူရှင်ယူတယ်။ ကျူရှင်ကမရလို့ Guide ခေါ်သင်တယ်။ Guide ခေါ်သင်တာကို အဆင်မပြေတော့ မိဘတွေကပြန်သင်ရတယ်။ အဲဒီစနစ်ကို မိဘတွေက မခံချင်တော့ဘူး။ အခုပုဂ္ဂလိကကျောင်းတွေ အသစ်ပေါ်လာတယ်။ အဲဒီကိုပို့ကြည့်တယ်။ အဲဒီမှာ ပညာရေးကောင်းမလား။  အာမခံချက် ဘယ်လောက်ရှိမလဲဆိုတာကိုမသိဘဲ စွန့်စားပြီးပို့ကြည့်တဲ့သဘောပါ။ အဲဒီမှာအဆင်မပြေရင် ကျူရှင်ကိုပဲ ပြန်သွားရမယ်။ ဒီတစ်ခါ ကျူရှင်ကျတော့ အရင်ကထက် ဈေးနှုန်းမြင့်ပြီး ၀ိုင်းသဘောဖြစ်သွားမယ်” ဟု ပညာရေးအတိုင်ပင်ခံတစ်ဦးက သုံးသပ်ပြောကြားသည်။  ပုဂ္ဂလိကကျောင်းများ၌ ကောင်းကျိုးအများအပြားရှိသကဲ့သို့ ရေရှည်အားဖြင့် ဆိုးကျိုးလည်းရှိလာနိုင်ကြောင်းဥပမာအားဖြင့်အတန်းကျော်သင်ခြင်းမျိုးကဲ့သို့သော ပြဿနာအချို့
လည်း ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းကပြောသည်။

ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

Post a Comment