Thursday, June 28, 2012

၂၀၁၃ ဆီးဂိမ်းတွင် ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုပေးလိုသော ကုမ္ပဏီ(၇၀)၀န်းကျင်ရှိ

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(SEAGAME) မတိုင်မီကာလအတွင်း လက်ရှိအနေအထားတွင် ဝိုင်ဖိုင်ဖြင့် အင်တာနက်ဝန်ဆောင်မှုပေးရန် လျှောက်ထား သည့် ကုမ္ပဏီပေါင်း (၇၀)ကျော်အထိ ရှိနေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

 “လာရောက်လျှောက်ထားတဲ့ ကုမ္ပဏီ  (၇၀)၀န်းကျင် ရှိနေပြီ။ ဒီလောက်များတဲ့ကုမ္ပဏီတွေအားလုံကို ပေး သွားမှာ မဟုတ်ပါဘူး ၊ ကျွန်တော်တိုက ပြန်ပြီး လျှော့ချမူတွေ ပြုလုပ်သွားရမှာ ဖြစ်တယ်။”ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်မှ အင်ဂျင်နီယာချုပ်တစ်ဦးက ဆိုသည်။

၂၀၁၃ဆီးဂိမ်းတွင်ကျင်းပမည့်အားကစားကွင်းများတွင်ဝိုင်ဖိုင်(Wifi)စနစ်ဖြင့်အင်တာနက်သုံးစွဲနိုင်ရန် မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းကုမ္ပဏီများပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သဖြင့် ယခုကဲ့သို့ လျှောက်လွှာလက်ခံခဲ့ခြင်းဖြစ်သည်။

 “၂၀၁၃ ဆီးဂိမ်းမှာ အင်တာနက်မြန်နှုန်းတွေကိုပါ တိုးမြှင့်ပြီးပေးသွားဖို့ ရှိတယ် ၊ ကုမ္ပဏီတွေကိုတော့ သက်ဆိုင်ရာမြို့တွေအလိုက် သတ်မှတ်ပေးပြီး ဝန်ဆောင်မှု ပေးခိုင်းမှာပါ။” ဟု ရတနာပုံ Call Center မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများမှ အားကစားကွင်းများတွင် ဝိုင်ဖိုင်စနစ်အသုံးပြုလိုသည့် ကုမ္ပဏီများအား ၂၀၁၂ခုနှစ် မေလနောက်ဆုံးအပတ်မှ စတင်စာရင်းကောက်ခံခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် မြို့ကြီးလေးမြို့မှ အားကစားကွင်းများကိုအသုံးပြုသွားမည်ဖြစ်ပြီး ဝိုင်ဖိုင်စနစ်ကို ၎င်းအားကစားကွင်းအားလုံးတွင် ရရှိရန်ဆောင်ရွက်သွားမည်ဖြစ်သည်။

နေပြည်တော်ရှိ ဇဗ္ဗူသီရိအားကစားကွင်းနှင့် အားကစားရွာ၊  ရန်ကုန်တိုင်းဒေသကြီးရှိ သုဝဏ္ဏအားကစားကွင်း နှင့်အခြားအားကစားကွင်းအချို့၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  အားကစားကွင်းအချို့နှင့် ဧရာဝတီတိုင်း ဒေသကြီးရှိ ကမ်းခြေများတွင် ၂၀၁၃ ဆီးဂိမ်းကျင်းပသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်းတည်ဆောက်မှုအား ၂၀၁၂ အတွင်း စီမံကိန်းအပြီး သတ်တည်ဆောက်မည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ၆၅%ကျော်ပြီးစီးနေပြီဖြစ်သည်။

၂၀၁၃ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်အားကစားနည်း(၃၂)မျိုးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး  အားကစားပြိုင်ပွဲအရေအတွက်(၄၅၈)ပွဲ ကျင်းပသွားမည်ဖြစ်သည်။
ဥာဏ်ဥာဏ်(မြစ်မခ)

No comments:

Post a Comment