Thursday, June 21, 2012

ကချင်ဒုက္ခသည်ကလေးများသို့ လက်ရောက်သွားလှူမည့် ကလေးချစ်သူများကွန်ယက်

ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခခံစားနေရသော ကလေးငယ်များအား တတိယအကြိမ်မြောက်အဖြစ် ကလေးချစ်သူများကွန်ယက်မှကြီးမှူး၍ သွားရောက်အကူအညီပေးမည်ဖြစ်သည်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အိုရီရမ်တယ်ခန်းမတွင်ပြုလုပ်သော ငြိမ်းချမ်းရေးပူစာသံ အခမ်းအနားတွင် ရဲရင့်နှလုံးသားအဖွဲ့မှအမှုဆောင်တစ်ဦးဖြစ်သူ ကိုညိုလင်းက ယခုလိုပြောကြားလိုက်ခြင်း ဖြစ်သည်။

“အခုစပြီး အလှူငွေတွေကို လက်ခံနေပါပြီ ၊ ရှေ့လထဲမှာထွက်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်ဘယ်လောက်အတိုင်း    အတာထိ  ဘယ်လောက်သွားလှူမယ်ဆိုတာတော့ ကန့်သတ်မထားပါဘူး ၊ရတာကို စစ်ဘေးဒုက္ခ  ခံစားနေရတဲ့ ကလေးတွေဆီ တိုက်ရိုက်သွားလှူဒါန်းမှာပါ”ဟု ၎င်းက ဆိုသည်။

ကလေးချစ်သူများကွန်ယက်သည် လူမှုရေးအဖွဲ့အစည်း(၁၃)ဖွဲ့ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။
 
အဆိုပါအခမ်းအနားသို့ မန္တလေးမြို့ရှိ ဆရာတော်ကြီးများ တက်ရောက်ခဲ့ကြပြီး မုဒိတာစကားများ ချီးမြှင့် ခဲ့ကြကာ အခြားနာမည်ကြီးစာရေးဆရာများ လူမှုရေးအဖွဲ့များကလည်း စစ်ဘေးသင့်ဒုက္ခသည်ကလေးများ အတွက် အမှတ်တရစကားပြောကြားခဲ့သည်။

‘’ ထာဝရငြိမ်းချမ်းရေးဆိုတာ ကျမတို့ လူသားမျိုးဆက်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာပဲပေါ့နော် ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ငြိမ်းချမ်းရေးအတွက် တစ်ယောက်နဲ့တစ်ယောက်မခံချင်အောင် မပြောဆို မပြုမူ မနေထိုင်သင့်ဘူး ´´ ဟု အခမ်းအနားသို့တက်ရောက်လာသော သဘာဝချစ်သူကွန်ယက်မှ မဖူးပွင့်သဉ္စာဖြိုးက ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် တိုင်းရင်းသားလူငယ်များတက်ရောက်ခဲ့ပြီး သက်ဆိုင်ရာဘာသာစကားများဖြင့် ငြိမ်းချမ်းရေး စကားပြောကြားခဲ့ကြောင်း သိရသည်။
 
“နိုင်ငံတော်မငြိမ်းချမ်းရင် အဲဒီကလေးတွေအတွက် ကျောင်းတက်ဖို့ရောဘာရောခက်ခဲမှာပေါ့ ၊ နောင်လာမယ့်အနာဂတ်အတွက်လဲ တိုးတက်မှုရှိမှာ မဟုတ်တော့ဘူး ၊ ပြီးတော့ စီးပွားရေးလူမှုရေးလည်းတိုးတက်မှုရှိမှာ မဟုတ်တော့ဘူး”ဟု    အခမ်းအနားတက်လာသည့် ဥပဒေကျောင်းသူ ရှမ်းတိုင်းရင်းသူ တစ်ဦးက ပြောကြားခဲ့သည်။

အခမ်းအနားတက်ရောက်လာသည့် မန္တလေးမြို့မှ စာရေးဆရာညီပုလေး၏မိဘများအနေဖြင့် ငြိမ်းချမ်းရေးအတွက် ရည်စူး၍ အမည်ပေးအပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးအား မြင်မသွားရကြောင်း သိရှိရသည်။
 
“ကျွန်တော် နာမည် ညီပုလေးဆိုပေမဲ့ နာမည်အရင်းက မောင်ငြိမ်းချမ်းပါ ၊ ကျွန်တော့်မိဘများကငြိမ်းချမ်းရေး  လိုချင်လို့ ဒီနာမည်ပေးပါတယ် ၊ ကျွန်တော့်ရဲ နောက်ထပ် ကလောင်ခွဲတစ်ခုက ငြိမ်းချမ်း စိမ်းလန်းဖြစ်ပါတယ် ၊ တစ်ချို့ကဘာလို့ စိမ်းလန်းငြိမ်းချမ်း မဖြစ်တာလဲ မေးပါတယ် ၊ အမှန်တော့ငြိမ်းချမ်းမှ စိမ်းလန်းမှာပါ ၊ ငြိမ်းချမ်းရေးလိုချင်တဲ့စိတ်နဲ့ ကျွန်တော့် မိဘများက ဒီနာမည်မှည့်ခေါ်ခဲ့တာပါ ၊ ကျွန်တော့်မိဘများကတော့ ငြိမ်းချမ်းရေးကိုမမြင်သွားရရှာပါဘူး ´´ဟု ဆရာညီပုလေးက ပြောကြားခဲ့သည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)

No comments:

Post a Comment