Monday, July 2, 2012

Apple iPad နှင့်ယှဉ်ပြိုင်မည့် Surface tablet ကို Microsoft ပွဲထုတ်မိတ်ဆက်


Apple iPad ကိုယှဉ်ပြိုင်နိုင်မည့် အရေးပါသော နည်းလမ်းပြောင်းလဲမှုတစ်ရပ်ဖြစ်ပြီး အိုမင်းနေသည့် Windows ထုတ်ကုန်များကို ပြန်လည်တီထွင်ဆန်းသစ်ထားသည့်အနေဖြင့် Microsoft ကုမ္ပဏီက ကိုယ်ပိုင် tablet ကွန်ပျူတာများကို လော့စ်အိန်ဂျလိစ်မြို့တွင်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပွဲထုတ်မိတ်ဆက်ပေးခဲ့ကြောင်းသိရသည်။

Surface ဟုခေါ်ဆိုသည့် အဆိုပါ tablet သစ်များတွင် Windows 8 operating system သစ်ကိုအသုံးပြုထားပြီး device ၏အဖုံးအဖြစ် အသုံးပြုနိုင်မည့် အထူ ၃ မီလီမီတာရှိသည့် Touch Cover ကို full touch-screen keyboard အနေဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် Type Cover ဟုခေါ်သည့် built-in touch pad ပါဝင်ပြီးအထူ ၅ မီလီမီတာရှိသည့် အဖုံးကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပြီး built-in accelerometer ပါဝင်သည့်အတွက် ၎င်း keyboard ကိုမှောက်လိုက်သည့်အခါတွင် keyboard ပါဝါကိုပိတ်ပေးမည်ဖြစ်သည်။ Surface tablet ကို ARM အခြေခံ ပရိုဆက်ဆာများပေါ်တွင်သုံးနိုင်မည့် Windows RT operating system အသုံးပြုဗားရှင်းနှင့် Intel ၏ x86 CPU platform ပေါ်တွင်သုံးနိုင်မည့် Windows 8 Pro ဗားရှင်းဟူ၍ နှစ်မျိုးထုတ်လုပ်မည်ဖြစ်သည်။ Surface တွင်အသုံးပြုထားသည့် ၁၀.၆ လက်မ touch screen သည် ၁၀.၁ လက်မသာရှိသည့် Apple iPad နှင့် Samsung Galaxy Tab 2 တို့ထက်ကြီးမားပြီး display resolution ကိုထုတ်ဖော်ကြေညာထားခြင်းမရှိသေးသော်လည်း ၁၆:၉ အချိုးဖြင့် ဖော်ပြပေးနိုင်ကြောင်း Microsoft မှ အတည်ပြုပြောကြားထားသည်။ CPU အနေဖြင့် Windows RT အသုံးပြုထားသည့် Surface tablet ကို Nvidia ARM CPU နှင့်အသုံးပြုနိုင်ပြီး Windows 8 Pro အသုံးပြုထားသည့် Surface tablet ကိုတတိယမျိုးဆက် Ivy Bridge Core i5 quad-core ချစ်ပ်နှင့် အသုံးပြုနိုင်မည်ဖြစ်သည်။ Surface ၏ကွန်ရက်ချိတ်ဆက်မှုနှင့်ပတ်သက်ပြီး Microsoft မှထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသေး သော်လည်း wireless နှင့် cellular data connection များအတွက် MIMO (multiple input/multiple output) antenna များကိုထောက်ပံ့ပေးထားကြောင်း သိရသည်။ ဈေးနှုန်းအချက်အလက်များကိုမူ ထုတ်ကုန်ကိုရောင်းချခါနီးတွင် ကြေညာမည်ဖြစ်ကြောင်း Microsoft မှပြောကြားခဲ့သည်။ 
ရေးသားသူ -နောင်နောင်
Internet Journal

No comments:

Post a Comment