Wednesday, July 11, 2012

ဝန်ကြီး နေရာ အပြောင်းအလဲ


ဝန်ကြီးအပြောင်းအလဲစတင်တဲ့သတင်း ဒီကနေ့ နေပြည်တော် အစိုးရ အသိုင်းအ၀န်းကနေ ထွက်ပေါ်လာပါပြီ။

ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတဲ့ မီးရထား ၀န်ကြီး ဦးအောင်မင်း က သမ္မတရုံးဝန်ကြီးဌာန (၁) ကို ပြောင်းရမယ်၊
အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်က ပြန်ကြားရေးဝန်ကြီးဌာနကို ကိုင်ရမယ်၊
ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီး ဦးကျော်ဆန်းကတော့ ရာထူးတခြမ်းပြုတ်မယ် ယဉ်ကျေးမှုဝန်ကြီးဌာနကိုပဲ အပိုင်းစားရမယ် လို့ ပြောဆိုနေကြပါတယ်။

ဒီလိုသာ တကယ် ပြောင်းလဲမယ် ဆိုရင် သမ္မတကြီး ဦးသိန်းစိန်က လူမှန်နေရာမှန် ပြောင်းလဲမှု လုပ်လုပ်ပြီလို့ ဆိုနိုင်မလားပဲ။

မီးရထားဝန်ကြီး ဦးအောင်မင်းဆိုရင် မီးရထား သယ်ယူပို့ဆောင်ရေးအလုပ်ထက် ငြိမ်းချမ်းရေးအတွက် ပြေးဟယ်လွှားဟယ် လုပ်နေရတာမို့ ခရီးသွားဝန်ကြီးလို့ နာမည် ထွက်နေသူပါ။ သမ္မတရုံးဝန်ကြီးဌာန (၁) ကို သူရွှေ့သွားရမယ် ဆိုရင် အဲဒါ သူ့အတွက် သင့်တော်ပါလိမ့်မယ်။ လက်ရှိအလုပ်အကိုင်နဲ့လည်း ကိုက်ညီမှာပါ။

အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကတော့ စာလေးပေလေး ဖတ်တဲ့ အပြင် ရေးလည်းရေးတယ်လို့ သိရတဲ့အတွက် ပြန်ကြားရေး ၀န်ကြီး အနေနဲ့ဆို ဟုတ်သလိုလို ရှိပေမယ်။ ဆင်ဆာအဖွဲ့ထားပြီး စာနယ်ဇင်းကင်ပေတိုင်အလုပ် ဆက်လုပ်နေအုံးမယ် ဆိုရင်တော့ မဟန်ဘူးလို့ ပြောရမှာပါ။

ဦးကျော်ဆန်းကတော့ သိတဲ့အတိုင်းပဲ မြန်မာဇာတ်သဘင်ကိုလည်း ခုံမင်နှစ်သက်တဲ့လူဆိုတော့ ယဉ်ကျေးမှုဝန်ကြီးဆိုတာမှန်တယ် လို့ဆိုရမလားပဲ။

ဒါကြောင့် ဒီတခါ အပြောင်းအလဲကိုတော့ လူမှန်နေရာမှန် ဆိုတာမျိုး ဖြစ်စေချင်ပါပြီ။

အစိုးရအဖွဲ့ဝန်ကြီးတချို့ ပေးအပ်ထားတဲ့တာဝန်နဲ့ လုပ်နေတဲ့အလုပ်တွေ မဆီမဆိုင် ဖြစ်နေတာတွေ၊ အဆီအငေါ်မတည့် ၀င်ရောက် ပြောဆိုမှုတွေကို ဧရာဝတီအယ်ဒီတာ ကိုအောင်ဇော်က လူမှန်နေရာမှန်ဆိုတဲ့ ဆောင်းပါးနဲ့ ဝေဖန်ခဲ့ဖူးပါတယ်။
Irrawaddy blog

No comments:

Post a Comment