Monday, July 23, 2012

ဟက်ကာများကြောင့် အင်တာနက် လုံခြုံရေး တိုးမြှင့် သင့်ပြီဟုဆို


ဦးတည်ရာမဲ့ တိုက်ခိုက်လျက် ရှိသည့် ပြည်တွင်း ပြည်ပရှိ ဟက်ကာ အချို့ကြောင့် အင်တာနက် အသုံးပြုသူများ၊ ဝက်ဘ်ဆိုက် တည်ထောင်သူများ၊ ဌာနဆိုင်ရာများ အနေဖြင့် အင်တာနက် လုံခြုံရေးဆိုင်ရာ ကာကွယ်မှုများကို ပိုမိုတိုးမြှင့်သင့်ပြီ ဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် နည်းပညာ အသိုင်းအဝိုင်းမှ ပညာရှင်များက သုံးသပ်ပြောကြားသည်။
“အခြေအနေက ပြည်တွင်းမှာ စိုးရိမ်စရာအကောင်းဆုံး အချိန်လို့ ပြောလို့ရတယ်။ တိုက်ခိုက်တဲ့သူတွေက သူတို့ Internet User ကို တိုက်ချင်တာလား၊ အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို တိုက်ချင်တာလား မသိဘူး။ ဘာရည်ရွယ်ချက်မှ မရှိဘဲ လုပ်တာတွေ တွေ့ရတယ်။ အဆိုးဆုံးက User တွေနဲ့ Admin တွေပဲ။ တော်တော်များများ ကိုယ့်အီးမေးလ်၊ ကိုယ့်ဝက်ဘ်ဆိုက်မှာ အခြေခံကာကွယ်မှုတွေ ရှိသင့်တယ်ဆိုတဲ့ Awareness တောင်မရှိကြဘူး” ဟု လက်ရှိ တိုက်ခိုက်နေမှုများအပေါ် နိုင်ငံတကာ အသိအမှတ်ပြု MST သင်တန်းကျောင်းမှ ပညာရှင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၀ နောက်ပိုင်းမှ စတင်၍ ပြည်တွင်းရှိ ဝက်ဘ်ဆိုက်များ၊ User တစ်ဦးချင်းထံ တိုက်ခိုက်မှုများမှာ ဆက်တိုက်ဖြစ်ပွားလာရာ တဖြည်းဖြည်းနှင့် အကျိုးမဲ့တိုက်ခိုက်လိုသူ အရေအတွက်မှာ ပိုမိုများပြားလျက်ရှိနေကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းမှ အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးအောင်ဇော်မြင့်က ပြောသည်။
“အခုချိန်မှာ User တွေဘက်ကို ပြောရရင် ကာကွယ်ရကောင်းမှန်း မသိအောင် အားနည်းနေတာ တွေ့ရတယ်။ ဘာ Link ပဲကိုယ့်ဆီရောက်လာလာ ဇွတ်ပြီး Click လုပ်လိုက်တာပဲ။ ကိုယ့်ရဲ့ Business E-mail တွေ၊ အရေးကြီးတဲ့ E-mail Account တွေကို တွေ့ကရာဆိုက်မှာ ဝင်တယ်။ဒါတွေက မလုပ်သင့်တဲ့ ကိစ္စတွေပဲ” ဟု ဦးအောင်ဇော်မြင့်က ဆက်လက်ပြောသည်။ လက်ရှိ ပြည်တွင်း User များ တိုက်ခိုက်ခံရမှုများတွင် ယင်းသို့ Virus ပါဝင်သည့် Link များပေးပို့ခြင်း၊ ဥပမာအားဖြင့် G mail၊ G talk ကျော်ဝင်နိုင်သည့် ဝက်ဘ်ဆိုက်များ ဝေမျှပေးခြင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းပုံစံမှာ နိုင်ငံအများစုမှာ ဟက်ကာများ ကျင့်သုံးသည့် Phishing စနစ်ဖြစ်ပြီး ယင်းတိုက်ခိုက်မှုကို ခံရပါက မိမိ၏ E-mail မှတစ်ဆင့် Facebook၊ Twitter များမှ မိမိ၏စာမျက်နှာများကို ထိန်းချုပ်နိုင်ခြင်း၊ Post လုပ်ခြင်း၊ Share လုပ်ခြင်းများအထိ ထိန်းချုပ်နိုင်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ပြည်တွင်းရှိ Facebook အသုံးပြုသူများ ယင်းသို့ တိုက်ခိုက်ခံနေရဆဲဖြစ်ပြီး ယင်းမှာ Phishing ပြုလုပ်ခြင်းမှတစ်ဆင့် User အချင်းချင်း ကူးစက်ပြီး ဆက်လက်ပျံ့နှံ့နေဆဲ ဖြစ်သည်။
အလားတူ ယခု နှစ်အနည်းငယ်အတွင်း ပြည်တွင်းမှ လွှင့်တင်သည့် ကိုယ်ပိုင်ဝက်ဘ်ဆိုက်များ ဌာနဆိုင်ရာ ဝက်ဘ်ဆိုက်များ တာဝန်ယူမည့် လုံခြုံရေးပညာရှင် မရှိခြင်းကြောင့်လည်း ပြည်တွင်းဆိုက်များ တိုက်ခိုက်ထိန်းချုပ် ခံနေရခြင်းဖြစ်ကြောင်း သိရသည်။ နည်းအမျိုးမျိုး အသုံးချ၍ တိုက်ခိုက်လျက်ရှိသည့် ဟက်ကာများနှင့် ပတ်သက်၍ ၎င်းတို့၏ ရည်ရွယ်ချက်အား ပညာရှင်များက အမျိုးမျိုး သုံးသပ်ကြသည်။ တိုက်ခိုက်သူများတွင် အချို့က နိုင်ငံရေး အမြတ်ထုတ်ရန် တိုက်ခိုက်ခြင်း၊ အင်တာနက် အသုံးပြုသူများအား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကြုံတွေ့စေရန် ရည်ရွယ်ခြင်းနှင့် အဆိုးရွားဆုံးမှာ ဟက်ကာအမည်ခံ၍ တိုက်ခိုက်လိုသူများ အနေဖြင့် ပြည်တွင်း အင်တာနက် သုံးစွဲသူများ၏ အရည်အချင်းများ နိမ့်ကျစေရန်၊ အွန်လိုင်းကျွမ်းကျင်သူ အရေအတွက် နည်းပါးစေရန် ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။
အခုလုပ်နေကြတဲ့သူတွေက ပြည်တွင်းကလူတွေ ဘာမှမတတ်လေ ကြိုက်လေဆိုပြီး လုပ်တာ။ အင်တာနက်လုံခြုံရေးကို နားမလည်မှသူတို့ ကြိုက်သလို တိုက်လို့ရတယ် ဆိုတာမျိုးတွေ များတယ်ဟု ပြီးခဲ့သည့်နှစ်အတွင်း အစိုးရဝက်ဘ်ဆိုက်အချို့ တိုက်ခိုက်ခံရမှုတွင် ပါဝင်ညီခဲ့သည့် Ethical Hacker တစ်ဦးကဆိုသည်။ စစ်တမ်းများအရ တစ်ကမ္ဘာလုံးတွင် ၀ ဒသမ ၄ စက္ကန့်အတွင်း ဝက်ဘ်ဆိုက်တစ်ခုစီ တိုက်ခိုကခံရမှု ဖြစ်ပေါ်နေပြီး တိုက်ခိုက်ခံရမှုများ၏ ၈၀ ရာခိုင်နှုန်းမှာ သုံးစွဲသူများ၏ အားနည်းမှားယွင်းမှုများကြောင့် ဖြစ်ကြောင်း သိရသည်။
နေလင်းအောင်
7 Day News 

No comments:

Post a Comment