Monday, July 16, 2012

ရှာဖွေရန်ခက်ခဲသည့် ကင်ဆာဆဲလ်များကို ကမ္ဘာ့အမြန်ဆုံးကင်မရာဖြင့် ရှာဖွေဖော်ထုတ်နိုင်ဟုဆို


ရှာဖွေဖော်ထုတ်ရန်ခက်ခဲပြီး အလွယ်တကူ တွေ့မြင်နိုင်ခြင်းမရှိသည့် ရှားပါးသောကင်ဆာဆဲလ်များကို UCLA မှ အလင်းသုံး အဏုကြည့်မှန်ပြောင်းအသုံးပြု၍ ရှာဖွေဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း အဆိုပါဌာနမှ သုတေသီများက ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ကမ္ဘာ့အမြန်ဆုံး ကင်မရာအဖြစ် သတ်မှတ်ထားသည့် ၎င်းအဏုကြည့်မှန်ပြောင်းသည် သွေးထဲ၌ အလွယ်တကူ တွေ့မြင်နိုင်ခြင်းမရှိသော ရင်သားကင်ဆာဆဲလ်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ပေးနိုင်စွမ်းရှိကြောင်း UCLA ၏သုတေသနသစ်တစ်ခုတွင် ဖော်ပြထားသည်။ အဆိုပါနည်းပညာသည် မှားယွင်းမှုများနှင့် ရောဂါရှာဖွေမှုအတွက် ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း UCLA အစီအစဉ်အုပ်ချုပ်ရေးမှူးဖြစ်သူ Keisuke Goda ကပြောကြားခဲ့သည်။ UCLA အဖွဲ့အနေဖြင့် ယင်းနည်းလမ်းအသုံးပြုပြီး ကင်ဆာဆဲလ်ရှာဖွေမှုများ ပြုလုပ်ခြင်းအပြင် ဆေးသွင်းခြင်းနှင့်ဓာတ်ကင်ခြင်းကုထုံးကို စောင့်ကြည့်ခြင်း၊ ဆီးစစ်ခြင်း၊ ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးခြင်းများတွင်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။ အဆိုပါ အဏုကြည့်မှန်ပြောင်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး flow-cytometry ဟုခေါ်ဆိုသည့် ဆဲလ်များနှင့် ၎င်းတို့၏အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာရာတွင် အကောင်းဆုံးအသုံးပြုနိုင်သဖြင့် ကမ္ဘာ့အမြန်ဆုံးကင်မရာအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သွေးနမူနာပုံစံများကို အကောင်းဆုံးခွဲခြားပေးနိုင်သည့်အပြင် တစ်စက္ကန့်လျှင် ဆဲလ်အရေအတွက် ၁၀၀,၀၀၀ ပမာဏကို စစ်ဆေးပေးနိုင်သည့် အဆိုပါကိရိယာသည် လက်ရှိ ရောဂါခွဲခြမ်းစိတ်ဖြာသည့် ကိရိယာများထက် အဆ ၁၀၀ ခန့်ပိုမိုလျင်မြန်ကြောင်း UCLA အသင်းမှဆိုသည်။
ရေးသားသူ -ဟေမာ
Internet Journal

No comments:

Post a Comment