Wednesday, July 11, 2012

အ၀ယ်ပါးသော်လည်း တန်ဖိုးမြင့်နေသော ရန်ကုန်မြောက်ပိုင်းခရိုင်အိမ်ခြံမြေဈေးကွက်

ရန်ကုန်တိုင်းဒေသကြီးတွင် အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်ရှိ အိမ်ခြံမြေဈေးကွက်များ အရောင်း အဝယ်သွက်လျက်ရှိနေချိန် တွင်    မြောက်ပိုင်းခရိုင်တွင် အိမ်မြေဈေးမြင့်တက်လျှက်ရှိသော်လည်း အရောင်း အဝယ် မရှိသလောက်ရှားကြောင်း အကျိုးဆောင် များထံက သိရှိရသည်။
 
မြောက်ပိုင်းခရိုင်သည် မြို့နှင့်ဝေးကွာခြင်း၊ ခရီးသွားလာရေးအခက်အခဲများရှိခြင်းတို့ကြောင့် အိမ်ခြံမြေ ဈေးကွက်အေးသည်ဟု အိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။
 
“မနှစ်ကသိန်း (၅၀)တန် အိမ်တစ်လုံးကဒီနှစ်မှာသိန်းတစ်ရာဖြစ်နေတယ်။ ဈေးတွေကတော့ တက်နေတာပဲ   ရောင်းချင်တဲ့ သူတွေလည်း   ရှိတယ်။ ၀ယ်မယ့်သူက ဒီဘက်တွေ မကြိုက်ကြဘူး။” ဟု အိမ်ခြံမြေအကျိုးဆောင်ဦးကျော်ဝင်းက ပြောသည်။
 
အခြားမြို့နယ်များတွင်အိမ်ခြံဈေးကွက်၏ ဈေးနှုန်းမြင့်တက်နေသည့်အလျှောက်အရောင်းအဝယ်သွက်နေဆဲ
အချိန်တွင်    မြောက်ပိုင်းခရိုင်၌ အိမ်ခြံမြေ ဝယ်ယူသူမရှိဖြစ်နေသော်လည်း  ဈေးနှုန်းမှာ ယမန်နှစ်ကထက် ရာခိုင်ပြည့် နီးပါးခန့်  မြင့်တက်နေခြင်းဖြစ်သည်။
 
 “မြောက်ပိုင်းခရိုင်က မြို့နဲ့လည်းနည်းနည်း ဝေးတယ်။ သွားရေးလာရေးလဲ ခက်ခဲတယ်။ အိမ်ဈေးကသာ မြင့်နေတာ ဝယ်မယ့် သူလည်း မရှိဘူး။ အရောင်းအ၀ယ်က လုံးဝကို အေးနေတယ်။”ဟု အိမ်ခြံမြေအကျိုး ဆောင် ဒေါ်အေးသန်းက ပြောသည်။
 
ကားလမ်းမတစ်လျှောက်ရှိ ပေ-၄၀x ပေ-၆၀ အိမ်ခြံမြေကွက်သည် ယခင်နှစ် မိုးတွင်း၌ သိန်းနှစ်ရာ ၀န်းကျင် ရှိပြီး ယခုနှစ်တွင် သိန်းလေးရာဝန်းကျင်ထိ မြင့်တက်နေသည်။ ထို့ပြင် ကားလမ်းမနှင့် ကျောချင်းကပ် အိမ် ခြံမြေကွက် ပေ ၄၀ x ပေ ၆၀ အကျယ်တွင် ယခင်နှစ် သိန်းတစ်ရာဝန်းကျင်ခန့်ရှိပြီး ယခုတွင် သိန်းနှစ်ရာ ပေါက်ဈေးရှိကြောင်း သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီး၏ အနောက်ပိုင်းခရိုင် အိမ်ခြံမြေဈေးကွက်များအနေဖြင့် ယခင်ဈေးနှုန်းများထက် ၃၀ ရာခိုင်နှုန်း   မြင့်တက်လျှက်ရှိပြီး အရောင်းအဝယ်သွက်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။
 
မိုးရာသီကာလဖြစ်သော်လည်း အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်သွက်နေပြီး ဈေးနှုန်းမှာလည်း ဆက်တိုက်တိုးမြင့်နေခြင်း   ဖြစ်သည်။ ၂၀၁၁ ခုနှစ် မိုးတွင်းကာလတွင် သိန်း(၇၀၀) ရှိ တိုက်ခန်းများသည် ယခုနှစ် မိုးတွင်းကာလတွင် သိန်း(၁၀၀၀) ၀န်းကျင်ခန့် ထိမြင့်တက်နေပြီး အရောင်းအဝယ်သွက်နေကြောင်းကိုလည်း သိရှိရသည်။
 
အရှေ့ပိုင်းခရိုင် အိမ်ခြံမြေ ဈေးကွက်လည်း မြင့်တက်လျက်ရှိပြီး အရောင်းသွက်နေကြောင်း သိရသည်။
 
အဆိုပါ ခရိုင်များတွင် အိမ်ခြံမြေ အရောင်းသွက်နေရခြင်းသည် နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ရင်နှီးမြုပ်နှံမှုများ ပြုလုပ်လာပါက ၎င်းတို့ နေထိုင်ရန် အိမ်ခြံမြေများ လိုက်လံဝယ်ယူနေခြင်းဖြစ်သည်ဟု အကျိုးတော်ဆောင်များ ဆိုသည်။
 
ရင်းနှီးမြုပ်နှံမှုများ ခေတ်စားလာသည့်အပေါ်တွင် အိမ်ခြံမြေဈေးနှုန်းများရိုက်ခတ်မှုရှိလာပြီး ငွေပိုငွေလျံရှိသူ များအနေနှင့်အိမ်ခြံမြေ၀ယ်ယူစုဆောင်းလာခြင်းကြောင့်အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ၎င်းတို့ ထင်မြင်ချက်အား မြစ်မခသို့ သည်။
 
ရန်ကုန်မြောက်ပိုင်းခရိုင်တွင် ထောက်ကြံ့မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့ နယ် ၊  မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ အချို့နေရာများတွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူမှုမရှိခြင်း၊ သွားရေးလာရေးအခက်အခဲရှိခြင်းကြောင့် အခြားနေရာများထက် လက်ရှိတွင် အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ် အေးနေခြင်းဖြစ်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ပြောဆိုကြသည်။
ရှုမ၀အောင်(မြစ်မခ)

No comments:

Post a Comment