Saturday, July 14, 2012

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၈) နှစ်မြောက် နှစ်လည်အခမ်းအနား ကျင်းပမည်

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်အား ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို ဇူလိုင်လ ၁၂ရက်နေ့က တွေ့ရစဉ်

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၈) နှစ်မြောက် နှစ်လည်အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအခမ်းအနားကို ဆရာကြီး၏ ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး ယခုအခါတွင် ဆရာကြီး၏ ဂူဗိမာန်အား မြေးတစ်ဦးဖြစ်သူ ဒေါ်မြမြအေးမှ မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍'' အင်္ဂလိပ်ခေတ်မှာကတည်းက ဆရာကြီးကို ရန်သူတော်နံပါတ်တစ်အဖြစ် သတ်မှတ်ခံခဲ့ရတယ်။ နောင်ခေတ်ပြောင်းတဲ့ အခါမှာလည်း ဆရာကြီးရဲ့ အခန်းကဏ္ဍတွေ မှေးမှိန်ခဲ့ရတာတွေ ရှိတယ်။ ဆရာကြီးနဲ့ပတ်သက်ပြီး ဂုဏ်ယူဖွယ်ရာတွေ အများကြီး ရှိခဲ့တယ်။ ယဉ်ကျေးမှုခေါင်းဆောင်၊ ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး ဖြစ်ခဲ့တယ်။ အဲဒီလိုရှိခဲ့တဲ့ ဆရာကြီးရဲ့ အခန်းကဏ္ဍတွေကို ပြန်လည်ဖော်ထုတ်ချင်တာကြောင့် ဒီပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်''ဟု ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သူ ကိုထွန်းဝင်းငြိမ်းက ပြောပါသည်။
အခမ်းအနားတွင် ဆရာကြီး၏ တပည့်သားမြေးများနှင့် ဆရာကြီးအား လေးစားကြည်ညိုသော နိုင်ငံရေးသမားများ၊ ကဗျာဆရာ၊ စာရေးဆရာများနှင့် အနုပညာရှင်များမှ ဆရာကြီးနှင့်ပတ်သက်၍ အမှတ်တရစကားများ ပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့တွင် ဆရာကြီး နောက်ဆုံးနေထိုင်ပြီး ခေါင်းချခဲ့သော စမ်းချောင်း၊ ချမ်းသာလမ်းရှိ ဆရာကြီး၏ သမီးကြီး ဒေါ်မြရည်နေအိမ်တွင်လည်း အောက်မေ့သတိရခြင်းအနေဖြင့် နှစ်စဉ်ပြုလုပ်ခဲ့သော ဘုန်းကြီးဆွမ်းကပ် ဆုတောင်းခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ၁၈၇၆ခုနှစ် မတ်လ ၂၃ရက်နေ့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့ နယ်၊ ၀ါးလယ်ရွာတွင် အဖ ဦးစံထွန်း၊ အမိ ဒေါ်အုန်းတို့မှ မွေးဖွားခဲ့ပြီး ငယ်အမည်မှာ မောင်လွန်း ဖြစ်သည်။ ကိုလိုနီခေတ် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် လွတ်လပ်ရေးရပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(ဗမာနိုင်ငံ) ၏ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်မှုများကြောင့် ဆိုဗီယက် ယူနီယံမှချီးမြှင့်သော စတာလင်ငြိမ်းချမ်းရေးဆုနှင့် အရှေ့ဂျာမနီမှ ချီးမြှင့် သော ဒေါက်တာဘွဲ့များ ရရှိခဲ့သည်။ ဆရာကြီးသည် မြန်မာစာပေပညာရှင်၊ ကဗျာဆရာ၊ ရာဇ၀င်(သမိုင်း) ဆရာ၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲဝင် မျိုးချစ်စာရေးဆရာ၊ ငြိမ်းချမ်းရေးအကျိုးပြုသမားအဖြစ် ထင်ရှားကျော်ကြားခဲ့ပြီး ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့၊ အသက် ၈၉ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
EMG

No comments:

Post a Comment