နိုက်ဂျီးရီးယားတွင် သေနတ်သမားများ ရမ်းကားပစ်မှုကြောင့် လူ ၂၀ ကျော်သေဆုံး
နိုက်ဂျီးရီးယား နိုင်ငံတွင် သေနတ်သမား တစ်စုက
ရမ်းကားပစ်ခတ်မှုကြောင့် လူပေါင်း (၂၀)ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။
လူအများအပြား တက်ရောက်ခဲ့သည့် ဈာပန အခမ်းအနား တစ်ခုသို့ သေနတ်သမားများက
စီးနင်း ပစ်ခတ်ခဲ့ရာ နိုင်ငံရေးသမား (၂)ဦး အပါအ၀င် လူပေါင်း (၂၀)ကျော်
သေဆုံးသွားခြင်း ဖြစ်သည်။ နိုင်ငံရေးသမား အများအပြား တက်ရောက်သည့် အဆိုပါ
ဈာပန အခမ်းအနားသို့ သေနတ်သမားများက ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်လာပြီး
ပိတ်ဆို့ဝန်းရံ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ သွေးမြေကျ
အဖြစ်အပျက်နှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး တုန်လှုပ် စိုးရိမ်စရာ
ဖြစ်လာခဲ့သည်။ လွှတ်တော်အမတ် ဂျန်ဒန်တွန်နှင့် အခြား နိုင်ငံရေးသမား
တစ်ဦးဖြစ်သော ဂျန်ဖာလူနီတို့ နှစ်ဦးသည် စနေနေ့က ဟိုဆေးမြို့ အနီးတွင်
အကြမ်းဖက် ပစ်ခတ်ခြင်း ခံရသဖြင့် သေဆုံးသူများကို စုပေါင်း မြှုပ်နှံသော
ဈာပန အခမ်းအနားသို့ တက်ရောက်ရင်း ယခုလို လုပ်ကြံခံရခြင်း ဖြစ်သည်။
နိုက်ဂျီးရီးယား အစိုးရသည် ယခုကိစ္စနှင့် ပတ်သက်ပြီး မည်သည့် အကြမ်းဖက်
အဖွဲ့အစည်း၏ လက်ချက် ဖြစ်သည်ကို တိတိကျကျ မစွပ်စွဲသေးချေ။
သို့သော်လည်း ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများက
တစ်ဦးနှင့်တစ်ဦး အပြစ်တင် လက်ညှိုးထိုးလျှက် ရှိနေသည်။ နိုက်ဂျီးရီးယား
အစိုးရက ယခုဖြစ်စဉ်အပေါ် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်
အမိန့်ထုတ်ထားသည်။ နိုင်ငံရေးသမားများကို လုပ်ကြံ သတ်ဖြတ်မှုသည်
နိုင်ငံတွင်း အဓိကရုဏ်းများ မကြာခဏ ဖန်တီးနေသည့် ဘိုကိုဟာရမ် အစွန်းရောက်
အကြမ်းဖက် တပ်ဖွဲ့နှင့် ဆက်နွယ်နေမှု ရှိမရှိကိုမူ တိတိကျကျ မသိရသေးချေ။
Planet
Source:VOA
No comments:
Post a Comment