Wednesday, July 11, 2012

ကျွန်းစုအရောင်းအဝယ်ကိစ္စကြောင့် ဂျပန်နှင့်တရုတ် ထိပ်တိုက်တွေ့လာနိုင်


                                                     (ဂျပန်နိုင်ငံက ဝယ်ယူရန် စီစဉ်နေသည့် ကျွန်းများ)
ဂျပန်နိုင်ငံက တရုတ်နှင့် ပိုင်နက်ကိစ္စ အငြင်းပွားနေသော ရေပြင်တွင် တည်ရှိသည့် ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခုကို ဝယ်ယူရန် ကြိုးစားလာခြင်းကြောင့် တရုတ်နှင့် ထိပ်တိုက်တွေ့မည့် အခြေအနေ ဖြစ်လာနိုင်သည်။ တရုတ်နိုင်ငံသည် ဂျပန်၏ လှုပ်ရှားမှုကို အနီးကပ် စောင့်ကြည့်နေပြီး ယခုအခါ ဂျပန်အစိုးရက အရှေ့တရုတ် ပင်လယ်အတွင်းရှိ ကျွန်းစုများကို ပုဂ္ဂလိက ပိုင်ရှင် တစ်ဦးထံမှ ၀ယ်ယူရန် လုပ်ဆောင်နေရာ တရုတ်က ရှုတ်ချ အပြစ်တင်ဖွယ် ရှိနေသည်။ ဂျပန် ၀န်ကြီးချုပ် ယိုရှီဟီကို နိုဒါက ဇူလိုင်လ (၇)ရက်နေ့တွင် မိမိတို့ အစိုးရ အနေဖြင့် အဆိုပါ ရေပြင်ရှိ ကျွန်းများကို ၀ယ်ယူသွားရန် စီစဉ်နေကြောင်း ကျိုဒို သတင်းဌာနသို့ ပြောကြားခဲ့သည်။ 
ထိုအချိန်တွင် တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထိုကျွန်းစုများသည် တရုတ်၏ ပိုင်ဆိုင်မှုတွင် ရှိနေပြီး ၀ယ်ယူခြင်း၊ ရောင်းချခြင်း ပြုလုပ်ခွင့် မရှိဟု ကြေညာခဲ့သည်။ အဆိုပါ ရေပြင်သည် သဘာဝ သယံဇာတများ ပေါများကြွယ်ဝသဖြင့် တရုတ်နှင့် ဂျပန်တို့အပြင် ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကလည်း ပိုင်ဆိုင်မှုကိစ္စ ပါဝင် အငြင်းပွားလျှက် ရှိနေသည်။ အဆိုပါ ကျွန်းတန်းများကို ဂျပန်က ဆန်ကာကူဟု အမည်ပေးထားပြီး တရုတ်ဟို ဒိုင်အိုယူဟု ခေါ်ဆိုကာ မိမိတို့ပိုင်အဖြစ် အသီးသီး အရေးဆို အငြင်းပွားနေကြသည်။

ထိုကျွန်းတန်းများ အနီးတွင် သဘာဝဓာတ်ငွေ့နှင့် ရေနံသိုက်များ ရှိနေရာ ကမ္ဘာပေါ်တွင် ဒုတိယနှင့် တတိယ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုတို့က အပြိုင် မျက်စိကျနေသည်။ အဆိုပါ ကျွန်းစုများကို ဂျပန်က ၀ယ်ယူရန် စီစဉ်နေသည်ဆိုသော သတင်းများကို ထိုင်ဝမ် အစိုးရက ပွင့်ပွင့်လင်းလင်း ကန့်ကွက်ထားသည်။ ထိုင်ဝမ် အစိုးရ အရာရှိတစ်ဦးက "ဂျပန်က ဒီကျွန်းတွေကို ၀ယ်မယ်ဆိုရင် လုံးဝ လက်ခံနိုင်စရာ မရှိတဲ့ အနေအထားပါ။ ဒီရေပြင်ဟာ ပိုင်ဆိုင်မှု အငြင်းပွားဆဲ အခြေအနေမှာပဲ ရှိသေးတာကြောင့် ဂျပန်ရဲ့ ရည်မှန်းချက်က ခြေလှမ်းကျဲလွန်းပါတယ်"ဟု NHKသတင်းဌာနသို့ ပြောကြားသွားသည်။
Plaet
Source: Bloomberg

No comments:

Post a Comment