Wednesday, July 11, 2012

အချို့ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားစာရင်းရှင်အပ်ငွေများ လက်ခံနေ

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ မ၀င်ရောက်မီ ကြိုတင်ပြင်ဆင်မှုအနေဖြင့် နိုင်ငံခြားငွေအား စာရင်း ရှင်အပ်ငွေအဖြစ်   မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်အချို့တွင် ဇူလိုင်(၉)ရက်နေ့မှ စတင်အပ်နှံနိုင်ပြီ ဖြစ် ကြောင်း ပုဂ္ဂလိကဘဏ်များက သိရှိရသည်။
 
နိုင်ငံခြားငွေအပ်နှံနိုင်သော ပုဂ္ဂလိကဘဏ်များမှာ ကမ္ဘောဇဘဏ်လီမီတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်လီမီတက်၊ ဧရာဝတီဘဏ် လီမီတက်နှင့် ယူနိုက်တက် အမရာဘဏ်လီမီတက်တို့ ဖြစ်သည်။
 
“ကျွန်မတို့ဆီမှာတော့ ကမာရွတ်မှာရှိတဲ့ ဘဏ်မှာပဲ အကောင့်ဖွင့်ပြီး အပ်လို့ ရပါသေးတယ်” ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်(AGD)မှတာဝန်ရှိသူတစ်ဦးက  ပြောကြားခဲ့သည်။
 
ထိုကဲ့သို့ နိုင်ငံခြားငွေအပ်နှံရာတွင် ဒေါ်လာ(၁၀၀)မှစတင်၍အပ်နှံနိုင်ကြောင်းနှင့် အများဆုံး အကန့် အသတ်မရှိသေးကြောင်းကို လည်း သိရှိရသည်။
 
“ကျွန်တော်တို့မှာတော့ ကျောက်တံတားမြို့နယ်ထဲက ဘဏ်မှာပဲသွင်းလို့ရပါသေးတယ်၊ အတိုးနှုန်း ကတော့ မရှိသေးပါဘူး၊ ငွေစုချင်စုထားနိုင်တဲ့ သဘောပေါ့” ဟု ကမ္ဘောဇဘဏ်မှ ၀န်ထမ်းဖြစ်သူ ကိုဇော်မျိုးထွန်းက ပြောသည်။
 
ထိုကဲ့သို့ နိုင်ငံခြားငွေအပ်နှံရာတွင် ပုဂ္ဂလိကဘဏ်များအနေဖြင့် နိုင်ငံအနည်းငယ်မှသုံးစွဲငွေများကိုသာ လက်ခံနိုင်သေးကြောင်း ကိုလည်း သိရှိရသည်။
 
“ US ဒေါ်လာရယ်၊ စတာလင်ပေါင်ရယ်၊ စင်္ကာပူဒေါ်လာရယ် ဒီသုံးမျိုးပဲ လက်ခံသေးတယ်” ဟု ကမ္ဘောဇဘဏ်မှ ၀န်ထမ်းတစ်ဦးက ဆိုသည်။
 
ထိုကဲ့သို့ ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားငွေအပ်နှံနိုင်မှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။
 
ပုဂ္ဂလိကဘဏ်များ၌ စာရင်းရှင်နိုင်ငံခြားငွေအပ်နှံနိုင်ခြင်းမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ မ၀င်ရောက်မီ ကာလအတွင်း ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းးကိုလည်း သိရှိရသည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ )

No comments:

Post a Comment