Wednesday, July 4, 2012

နည်းပညာတက္ကသိုလ်ကျောင်းများတွင် လက်တွေ့ပြုလုပ်ခြင်းမှ ရရှိမည့်အမှတ်များ တိုးမြှင့်ပေးမည်


၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ နည်းပညာတက္ကသိုလ်ကျောင်းများတွင် စာမေးပွဲအောင်မြင်ရေးအတွက် အရေးပါသည့်လက်တွေ့ပြုလုပ်ခြင်းမှရရှိမည့်လက်တွေ့အမှတ်များပိုမိုတိုးမြှင့်ပေးသွားမည် ဖြစ်သည့်အပြင် လက်တွေ့ပြုလုပ်ရမည့် အချိန်များလည်း တိုးမြှင့်သင်ကြားပေးသွားရန် အစီအစဉ်ရှိသည်ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရသိရသည်။

“ရှေ့စာသင်နှစ်ကစပြီး လက်တွေ့လုပ်ရမယ့်အချိန်တွေ စာသင်ချိန်မှာ ထပ်ဖြည့်သင်ကြားပေးဖို့ရှိတယ်။ စာတွေ့သာမက လက်တွေ့ပါ ကျောင်းသားတွေ ပိုမိုနားလည်စေဖို့ပါ။ ပြီးတော့ လက်တွေ့ပြုလုပ်လို့ရတဲ့ အမှတ်တွေကိုလဲ တိုးပေးဖို့ရှိတယ်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်ကစပြီး လက်တွေ့ပြုလုပ်လို့ရတဲ့ လက်တွေ့အမှတ်တွေကို စာမေးပွဲအမှတ်အဖြစ်ပေးတယ်။ ပေးတယ်ဆိုတာက ကျောင်းသားတွေကို စာတွေ့၊ လက်တွေ့အမှတ် ၂၀ ပေးတယ်။ တစ်ဘာသာကိုအမှတ် ၁၀၀ ပေးတဲ့အတွက် လက်တွေ့အမှတ်ကလည်း အရေးကြီးပါတယ်။ ရှေ့နှစ်ကစပြီး စာတွေ့အတွက် အမှတ် ၅၀ နဲ့လက်တွေ့အတွက် အမှတ် ၅၀ ပေးဖို့ရှိပါတယ်။ ကျောင်းသားတွေအနေနဲ့ စာအကုန်လုံးဖြေနိုင်ရင် အမှတ် ၅၀ အောင်မှတ်ပဲရမယ်” ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။ “အင်ဂျင်နီယာကျောင်းက လက်တွေ့ချိန်များတာ သဘာဝကျပါတယ်။ ဒီလိုပဲ ဖြစ်ရမှာပါ။ ကျောင်းသားတွေက စာတွေ့လေးသိရုံနဲ့ ဘွဲ့ရပြီးရင် အလုပ်လုပ်လို့ရမှာ မဟုတ်ဘူး။ လက်တွေ့ပါကျွမ်းကျင်မှရမှာ။ စာသင်နှစ်လည်း တစ်နှစ်တိုးမယ်ဆိုတော့ ကျောင်းသားတွေအတွက် အများကြီးကောင်းပါတယ်” ဟုပုဂ္ဂလိကကုမ္ပဏီတစ်ခုတွင် အကြီးတန်းအင်ဂျင်နီယာအဖြစ်လုပ်ကိုင်နေသူ ကိုစည်သူစိုးကပြောသည်။ ထိုသို့လက်တွေ့အမှတ်များ တိုးမြှင့်ပေးသွားမည်ဖြစ်သဖြင့် ကျောင်းသားများအနေဖြင့် လက်တွေ့ပြုခြင်းကို ပေါ့ပေါ့တန်တန်မထားသင့်ဘဲ အထူးဂရုစိုက်၍ ပြုလုပ်သင့်သည်ဟုသိရသည်။
ရေးသားသူ -ကိုဟိန်း
Internet  Journal

No comments:

Post a Comment