Tuesday, July 3, 2012

အမြန်ချောပို့လုပ်ငန်းကို ပုဂ္ဂလိကအနေဖြင့် စတင်ဝန်ဆောင်မှုပေး



မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနလက်အောက်ရှိ အမြန်ချောပို့လုပ်ငန်းကို ပုဂ္ဂလိက၀န်ဆောင်မှုလုပ်ငန်းအဖြစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လုပ်ကိုင်ဆောင်ရွက်သွားတော့ မည်ဖြစ်ကြောင်း ပုဂ္ဂလိကအမြန်ချောပို့လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိခဲ့သည့် United Courier Services (UCS) မှသိရသည်။ “နှစ်လလောက်တော့ စမ်းသပ်ပြီးလုပ်ကိုင်ခဲ့တာပါ။

ဇူလိုင်လ ၁ ရက်ကစပြီးတော့ မြို့တွင်းနေ့ချင်းရောက်စနစ်နဲ့ မြို့တစ်မြို့မှ နောက်မြို့တစ်မြို့ကို နောက်တစ်နေ့အရောက်ပို့ပေးမယ့်စနစ်အဖြစ် လုပ်ကိုင်သွားမှာပါ။ လက်ရှိလုပ်ကိုင်နေတဲ့ စာပို့လုပ်ငန်းတွေထက် ဈေးသက်သာမှာပါ။ အစိုးရလုပ်ကိုင်နေတဲ့ EMS စနစ်ထက်တော့ ဈေးကြီးတယ်။ ၀န်ဆောင်မှုပုံစံတွေလည်းပိုတယ်။ ကျွန်တော်တို့က အခွန်တွေလည်း ဆောင်ထားရတယ်” ဟု UCS မှဒါရိုက်တာ ဦးဝင်းဆန်းထွေးကပြောသည်။ ဂရမ် ၅၀၀ အောက်ရှိ စာထုပ်ပါဆယ်များကို ရန်ကုန်မှနေပြည်တော်သို့ ပို့ဆောင်ပါက ၂၅၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး ရန်ကုန်မှ မန္တလေးမြို့ပို့ဆောင်ပါက ၃၅၀၀ ကျပ်ကျသင့်မည်ဟု ပုဂ္ဂလိကအမြန်ချောပို့လုပ်ငန်းမှ သိရသည်။ UCS အနေဖြင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပြည်၊ မကွေး၊ မြိတ်နှင့် ဘားအံမြို့များတွင် အမြန်ချောပို့လုပ်ငန်းကို စတင်ဝန်ဆောင်မှုများ ပေးနေပြီဖြစ်ပြီး ပြင်ဦးလွင်၊ ပုသိမ်၊ တောင်ကြီး၊ မော်လမြိုင်၊ မုံရွာနှင့် မြစ်ကြီးနားမြို့တို့ကို ထပ်မံဝန်ဆောင်မှုများပေးသွားမည်ဖြစ်သည်။ ပုဂ္ဂလိကအမြန်ချောပို့လုပ်ငန်းတွင် အိမ်အရောက်ပါဆယ် လာရောက်ယူဆောင်ပေးခြင်းများ၊ ပါဆယ်ရောက်ရှိမှုအခြေအနေများကို အွန်လိုင်းမှ ကြည့်ရှုနိုင်ခြင်းများနှင့် အိမ်အရောက်ပို့ဆောင်ပေးပြီးကြောင်းကို တယ်လီဖုန်းဖြင့် ပြန်လည်အသိပေးခြင်းများကို ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး ပစ္စည်းပျောက်ဆုံးပျက်စီမှုများအတွက် အများဆုံးပမာဏ ငွေကျပ် ၅ သောင်း ပြန်လည်ပေးလျော်သွားမည်ဟု ဦးဝင်းဆန်းထွေးကဆိုသည်။ ပုဂ္ဂလိကအမြန်ချောပို့လုပ်ငန်းကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း၌ ကုမ္ပဏီ ၃ ခုမှ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ဈေးပြိုင်စနစ်ဖြင့် ပုဂ္ဂလိက အမြန်ချောပို့လုပ်ငန်းလုပ်ပိုင်ခွင့်ကို ရရှိခဲ့သည့် ကုမ္ပဏီများအနေဖြင့် အစိုးရသို့ တစ်နှစ်လျှင် ကုမ္ပဏီတစ်ခုမှ ကျပ်သိန်း ၅၀၀ အခွန်ပေးဆောင်ရမည်ဖြစ်သည်။ 
ရေးသားသူ -မြင့်ကျော်လှိုင်
Internet Journal

No comments:

Post a Comment